တရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန် တစ်ရက်အလိုတွင် ခင်ဦးမြို့နယ်အတွင်း လမ်းကြောပိတ်သဖြင့် ရပ်နားနေသော ခရီးသွားကားများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ၉ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်တွင် လမ်းပိတ်သဖြင့် ရပ် နားနေသော ခရီးသွားများနှင့် ကုန်ကား၊ဆီသယ်ကား၊ ဆီဘောက်ဆာကားတို့ကို ဒီဇင်ဘာ၂၇ရက်၊ မွန်းလွဲ ၁၂နာရီ မိနစ်၄၀ခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာတစ်စင်း၊ Mi35 တစ်စင်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ၁၀ဦးကျော်ဒဏ်ရာရပြီး ကား၉စီး မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
“ကားလမ်းပိတ်လို့ ကားတွေရော လူတွေရော စုနေတဲ့အချိန်မှာ ဗုံးလာကြဲသွားတာ။ ဒဏ်ရာရတာက ကျနော်သိရသလောက် ၂၀၊အစိတ် လောက်ရှိတယ်။ဒဏ်ရာပြင်းတဲ့သူတွေလည်း ၄-၅ယောက်ရှိ တယ်။ထပ်ပြီး သေဆုံးတဲ့အရေအတွက် တိုးနိုင်တယ်”ဟု ခင်ဦးအခြေစိုက် PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ဗုံးကြဲခံရသည့်နေရာသည် ခင်ဦးမြို့နယ်အရှေ့ခြမ်း၊မြေနီလျှိုကျေးရွာအနီးဖြစ်ပြီး စတားလင့်ဆိုင်နှင့် စားသောက်ဆိုင်များလည်းရှိကြောင်း ခင်ဦးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“လူတွေ၊ကားတွေ အစုလိုက်အပြုံလိုက် ဖြစ်နေတာကို သတင်းပေးလိုက်လို့ အရပ်သားတွေမှန်း သိ လျက်နဲ့ ဗုံးလာကြဲသွားတာလို့ ပြောလို့ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ဗုံးကြဲပြီးနောက် ကားများ ရွှေဘိုဘက်သို့ နောက်ကြောင်းပြန်လှည့်သွားကြကြောင်း သိရသည်။
ဒီဇင်ဘာ၁၈ရက်ကလည်း ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းပေါ်တွင် လမ်းကြောပိတ်ပြီး ကားနှင့်လူ များ အစုအဝေးဖြစ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးကာ ၆ဦး ဒဏ်ရာ ရခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း-ML
