စစ်ကော်မရှင်က ယနေ့ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၁) တွင် တိုင်းနှင့် ပြည်နယ်အချို့ရှိ မဲရုံများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ချို့ယွင်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း မဲရုံတာဝန်ကျသူများထံမှ သိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ မဲရုံများတွင် မဲပေးစက်များ ချို့ယွင်းနေသဖြင့် အရန်စက်များဖြင့် အစားထိုးဆောင်ရွက်နေရသည်။ ပုသိမ်မြို့နယ်မှ မဲရုံတာဝန်ကျသူတစ်ဦးက “နေရာတော်တော်များများမှာ ဖြစ်နေတယ်လို့ ကြားရတယ်။ တစ်မြို့နယ်ကို မဲရုံအရေအတွက်အလိုက် အရန်စက်တွေ အပိုပေးထားတာရှိတော့ အဲ့ဒါတွေနဲ့ လဲနေရတာပါ။ မဲရုံတစ်ရုံမှာ ပင်မစက် ၅ လုံးရှိတာ၊ အကုန်လုံးပြိုင်ပျက်တာမျိုးတော့ မဟုတ်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ စက်ချို့ယွင်းမှုဖြစ်ပေါ်ခြင်းက ထိန်းချုပ်စက် ကိုင်သူသည် စက်ကို မကျွမ်ကျင်တာမျိုး သို့မဟုတ် ကြိုးများ သေချာ မချိတ်ဆက်မိသည့်အတွက် ဖြစ်နိုင်ကြောင်း မဲရုံတာဝန်ရှိသူတချို့က မှတ်ချက်ပေးသည်။
စက်ချို့ယွင်းမှုအခြေအနေကို မဲရုံမှူးတစ်ဦး ကလည်း “မဲပေးစက်က printer က စာရွက် ထုတ်ချိန် စာသားမမှန်ဘူး၊ စာရွက်မဖြတ် ဘူး မီးစိမ်းမ လင်းဘူး အဲ့လို error တွေဖြစ် တာ ထိန်းချုပ် စက် အလုပ်မလုပ်တာ Date Time မှားတာ မျိုးတွေ အဖြစ်များနေတယ် “ဟု ပြောသည်။
စက်များချို့ယွင်းနေသော်လည်း မြေပြင်တွင် မဲလာပေးသူ အလွန်နည်းပါးနေသဖြင့် လူစုလူဝေးဖြစ်ပေါ်ခြင်း သို့မဟုတ် စောင့်ဆိုင်းရခြင်းမျိုး မရှိပေ။
ထို့ပြင် ရွေးကောက်ပွဲတွင် လူမလာသဖြင့် ရပ်ကျေးအဖွဲ့ဝင်များက အော်လံဖြင့် လိုက်လံဆော်ဩနေရရုံတင်မကဘဲ အိမ်တိုင်ရာရောက် စုဆောင်းခေါ်ဆောင်ရန်ပါ အမိန့်ပေးစေခိုင်းခံထားရကြောင်၊ မဲလာပေးသူများကို ဆွဲဆောင်သည့်အနေဖြင့် ရေသန့်နှင့် အချိုရည်များပါ လိုက်လံဝေငှပေးနေရကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူတစ်ဦးက “ပေးပေး မပေးပေး၊ စက်က ပျက်ပျက် မပျက်ပျက် သူတို့ပဲ နိုင်မှာလေ။ ဒါဟာ ပြည်သူလိုလားတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ တချို့နေရာတွေမှာ အရမ်းတိတ်ဆိတ်နေပြီး ဆိုင်ခန်းတွေပါ ပိတ်ထားကြတယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲမှာ မဲပေးသူနည်းနေ သည့်အတွက် သက်ဆိုင်ရာ မြို့နယ် ရပ် ကျေးအ ဖွဲ့ဝင်များသည် အော်လံနှင့် လိုက် လံ ဆော်ဩပြောဆိုနေသည့်အပြင် ယခုဆိုလျှင် အိမ်တိုင်ရာရောက် စုဆောင်း ခေါ် ဆောင်လာကြရန် အမိန့်ပေး စေခိုင်း မှုမျိုးရှိနေကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း ( ၁ )ကို မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပနေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး မဲရုံပေါင်း ၂၁၅၁၇ ရုံရှိကြောင်း စစ် ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထားသည်။
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၆၅) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူ စနစ်(FPTP) မဲဆန္ဒနယ်(၇၃) နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် (၂၆)နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်(၂၅၇)နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် (၄၂) နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉)နယ် စုစု ပေါင်း မဲဆန္ဒနယ် (၆၉၂)နယ် တို့မှာ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-MPA
