မွန်ပြည်သူများ အကြောက်တရားဖြင့် ဖိအားပေးကာ ဆန္ဒမဲထည့်ခိုင်းသော်လည်း ထည့်သူနည်းပါး

စစ်အုပ်စု ဦးဆောင်ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲအပိုင်း(၁)တွင် မွန်ပြည်သူများကို အကြောက်တရားများဖြင့် ဖိအားပေးကာ ဆန္ဒမဲများ ထည့်ခိုင်းကြသော်လည်း ထည့်သူနည်းပါးကြောင်း မြို့ခံအချို့က ပြောသည်။

ယနေ့( ဒီဇင်ဘာလ ၂၈ ရက်) မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် ရွေးကောက်ပွဲအပိုင်း(၁)ကို စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီးအဆိုပါရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ဝင်ကြသူများ နည်းပါးသည့်အခြေအနေများကြောင့် စစ်အုပ်စုဟာ ပြည်သူများကို အကြောက်တရာသွင်းကာ ပုံစံအမျိုးမျိုးဖြင့် ဖိအားပေး ဆန္ဒမဲထည့်ခိုင်းနေကြကြောင်း မော်လမြိုင်မြို့ခံ တစ်ဦးက MPA ကို ပြောသည်။

“မနက်အစောပိုင်းက အချို့မဲရုံတွေမှာ လူတွေ ရာချီရှိတာ တွေ့ရတယ်။ အချို့ မဲရုံတွေကြတော့ မရှိသလောက် နည်းပါးနေတာတွေ့ရတယ်။ အဲဒီလို မဲလာထည့်တဲ့သူနည်းပါးနေတော့ သူတို့အုပ်ချုပ်ရေးအဖွဲ့တွေကနေတစ်ဆင့် ရပ်ကွက်ထဲသွားပြီး ဆန္ဒမဲသွားထည့်ကြဖို့ လိုက်စည်းရုံးတာမျိုး ရှိတယ်။ တကယ်လို့ မထည့်ရင် စစ်မှုထမ်းကိစ္စနဲ့ အကျပ်ကိုင်တာ၊ ခရီးသွားလာခွင့်နဲ့ အကျပ်ကိုင်တာမျိုးတွေ ပြောတယ်” ဟု ၎င်းက ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖိအားပေးပြောဆိုမှုများ ရှိနေသော်လည်း အချို့မဲရုံများတွင် ဆန္ဒမဲလာပေးသူမှာ မရှိသလောက်နည်းပါးနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် မဲရုံများတွင် အရန်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ဝင်အချို့ကိုသာ တွေ့ရှိရပြီး စစ်သားများက အရပ်ဝတ်များဖြင့် လူမြင်ကွင်းမဟုတ်သည့်နေရာများတွင် လုံခြုံရေးယူပေးနေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ဆိုသည်။

ထို့အပြင် ဆန္ဒမဲထည့်ဝင်သူများမှာလည်း စစ်တပ်ထောက်ခံသူများနှင့် သက်ကြီးရွယ်အိုများသာ တွေ့ရှိရပြီး လူငယ်ပိုင်းများ မဲလာထည့်သည်ကို မတွေ့ရကြောင်း သထုံမြို့ခံအချို့က ပြောသည်။

“လူကြီးတွေ များတယ်၊ ပုံမှန်အတိုင်း သူတို့ထောက်ခံတဲ့လူတွေပေါ့နော်၊ တကယ်တမ်း လူငယ်တွေ ပျောက်နေတာ သတိထားမိတယ်။ လူငယ်တွေက ရှောင်လို့ရသလောက် ရှောင်နေကြတဲ့ပုံစံမျိုး၊ အထဲမှာ ရှိနေပေမယ့် လက်မခံဘူးဆိုတာကို ပြသနေတာပဲ မြင်တယ်” အသက် ၃၄ နှစ်အရွယ် သထုံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကို ကျိုက်မရော၊ ချောင်းဆုံ၊ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်မြို့နယ်တို့တွင် ကျင်းပ နေခြင်းဖြစ်သည်။

ယနေ့ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်အများစုမှ ဆန္ဒမဲလာထည့်သူအချို့ကို တွေ့ရသော်လည်း နယ်ဘက်/ ကျေးရွာများဘက်တွင် ဆန္ဒမဲထည့်သူ ပိုမိုနည်းပါးနေကြောင်း ကျိုက်မရောဒေသခံအချို့က ပြောသည်။

“ဒီမှာတော့ လုံခြုံရေးက သိမ့်မတွေ့ရဘူး၊ ပြည်သူတွေက ကြောက်တယ်၊ မလာရဲကြဘူး၊ ဒီဘက်က လက်နက် ကိုင်အဖွဲ့တွေ များတယ်၊ အဝင်အထွက်လည်း ရှိတယ်၊ မဲရုံကတော့ ဖွင့်ထားတယ်၊ လာတဲ့လူက ရေတွက်လို့ တောင် ရတယ်” ဟု ကျိုက်မရောမြို့နယ်၊ ကျုံဝမ်ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲကျင်းပသည့် သက်ဆိုင်ရာမြို့ခံအချို့၏ ပြောဆိုချက်အရ KNU အပါအဝင် တော်လှန်ရေးအင်အားစုများ ဝင်ထွက်လှုပ်ရှားမှုရှိသည့် ကျိုက်မရော၊ ကျိုက်ထို၊ သထုံမြို့နယ်တို့တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့များ ကို ပိုမိုအသုံးပြုထားသည်။

နိုင်ငံရေးပါတီ ၉ ခုမှ ကိုယ်စားလှယ်လောင်း ၂၅၆ ဦးဝင်ပြိုင်မည့် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် ၆ သိန်းကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် ၃ ခုထက်မနည်းတွင် မဲမပေးခင် နာရီပိုင်းအလို ပေါက်ကွဲ၊ ပစ်ခတ်သံများနှင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ရှိသော်လည်း မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့ခံအချို့က ပြောသည်။

စာတည်း-ကိုဆန်း