ဖိအားများကြောင့် ပြည်မြို့ခံအချို့ မဲထွက်ပေး၊ လမ်းမများပေါ် လူအသွားအလာရှင်း

ပဲခူးတိုင်း၊ ပြည်မြို့တွင် စစ်တပ်၏ဖိအားပေးမှုကြောင့် မဲထွက်ပေးသူအချို့ရှိသော်လည်း လမ်းမများ ပေါ် လူအသွားအလာ ရှင်းနေကြောင်း သိရသည်။

စစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မဖြစ်မနေ မဲပေးရန် ဖိအားပေးခဲ့ပြီး ယနေ့ (ဒီဇင်ဘာ၂၈ရက်)တွင် လမ်းဆုံများ၌ စစ်သား၊ရဲနှင့် ပျူစောထီးတို့က အရပ်ဝတ်များဖြင့်စောင့်ကြည့်နေသလို လမ်းမများပေါ် ကင်းလှည့်ခြင်းများလည်း ရှိကြောင်း ဒေသခံအချို့ထံက သိရသည်။

” မနက်ကတည်းက မဲသွားပေးတဲ့လူတွေလည်း ရှိတယ်။ မပေးဘဲ အိမ်ထဲပဲနေပြီး အပြင်မထွက်ကြ တဲ့လူတွေလည်းရှိတယ်။ ပေးတာကတော့ စိတ်ဆန္ဒရှိလို့ထက် မပေးရင် ဖမ်းမယ်၊ ပြုမယ်။ ပေး၊မပေး သူတို့မှာ စာရင်းရှိတယ်လို့ အရင်ရက်တွေကတည်းက ခြိမ်းခြောက်တာရှိတော့ သွားပေးရတာ။ တအားလူစုလူဝေးနဲ့ မဲပေးနေကြတာမျိုးတော့ မဟုတ်ဘူး။ ရှိတော့ ရှိတာပေါ့။ မြို့ပေါ် လမ်းတွေမှာ တော့ မနက်ကတည်းက ဖြတ်သွားဖြတ်လာ သိပ်မရှိဘူး။ ညနေ ၄နာရီကျော်မှ ထွက်ကြမယ်ထင်တယ်။ မြို့ထဲက မဲရုံတွေဆို လူလုံးဝရှင်းတယ်” ဟု ပြည်မြို့၊ ရွာဘဲနယ်မြေနေ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။
ပြည်မြို့၊ဆံတော်ရပ်ကွက်၊ ရွှေကူရပ်ကွက်နှင့် ဆင်စုရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေ ပြည်သူများကို မဲပေး၊မပေး လာရောက်မေးမြန်းမှုများလည်း ရှိကြောင်း ပြည်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရွှေတံခါးရပ်ကွက်နေ လူငယ်အမျိုးသားတစ်ဦးက မဲစာရင်းတွင် ၂၀၂၄ခုနှစ်က သေဆုံးသွားသည့် ၎င်း ၏အဘိုးအမည်ပါပြီး ၎င်း၏အမည်မပါကြောင်း ပြောသည်။

” မဲစာရင်းလည်း သွားမကြည့်ထားဘူး။ ပါမပါ စစ်လည်းမစစ်ဘူးလေ။ အိမ်ကိုတော့ မဲဆန္ဒရှင်သက်သေခံကတ်လာပေးတယ်။ ကျနော့်နာမည်မပါဘဲ မနှစ်ကဆုံးသွားတဲ့ ကျတော့်အဘိုးနာမည်ဖြစ်နေတာ” ဟု ၎င်းကပြောသည်။

မဲပေးရန် ဖိအားပေးမှုများကြောင့် အခြားဒေသများသို့ ခရီးထွက်ကြသည့် ပြည်မြို့ခံများလည်း ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၂၁ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့သို့ ရောက်ရှိစဉ် ဆန္ဒမဲ ပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာတည်း-ML