By MPA
အောင်ဇေယျစစ်ဆင်ရေးကို ရပ်ပေါင်း ၅၀၀ကျော် ဟန့်တားနိုင်ခဲ့ခြင်းသည် စစ်အောင်နိုင်ခြင်း အမှတ်သင်္ကေတတစ်ခုဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို က ယနေ့(စက်တင်ဘာ ၇ရက်) တွင် ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် ၂၀၂၄ခုနှစ်၊ ဧပြီ ဒုတိယပတ်မှ စတင်ကာ အောင်ဇေယျစစ်ဆင်ရေးဖြင့် ကော့ကရိတ်မြို့အနီးဝန်းကျင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဧပြီ ၂၀ရက်တွင် စစ်ကော်မရှင်တပ်များသည် တောနော်ရေတံခွန်သို့ရောက်ရှိခဲ့ပြီး သံချပ်ကာကားတန်းဖြင့် မြ၀တီသို့ ချီတက်ရန် ပြင်ဆင်ခဲ့သည့်အတွက် KNLA ပူးပေါင်းတပ်များသည် မြ၀တီတံတားအမှတ် ၂အနီးရှိ စစ်တပ်ကို ထိုးစစ်ဆင်မှုအား ရပ်လိုက်ရပြီး အောင်ဇေယျ စစ်ဆင်ရေးကို ခုခံရန်အင်အားဖြည့်လိုက်ရသည်ဟု KNU ကဆိုသည်။
ထို့ကြောင့် ၂၀၂၄ခုနှစ် ဧပြီ ၂၁ရက်မှ စတင်ကာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၅ရက်နေ့အထိ အောင်ဇေယျ စစ်ဆင်ရေးကို ရက်ပေါင်း ၅၀၃ ရက်ထိ ဟန့်တားနိုင်ခဲ့သည်။
KNU အနေဖြင့် တစ်လျှောက်လုံးကျင့်သုံးခဲ့သည့် စစ်နည်းဗျူဟာမှာ ခံစစ်ရှင် ပျောက်ကြားဖြစ်ပြီး ယင်းဗျူဟာဖြင့် ၂၀၂၄ခုနှစ် နှစ်ဦးပိုင်းမှ ၂၀၂၅ခုနှစ်အထိ စစ်တပ်၏ ခြေကုပ်စခန်းများကို ကွပ်ကဲသော နည်းဗျူဟာ စခန်းသုံးခု၊ အခြေချ စစ်ဗျူဟာစခန်းတစ်ခု၊ တပ်ရင်းဌာနချုပ် စခန်း ၈ ခုတို့ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စစ်ကော်မရှင်၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးထိုးစစ်ကို ရက်ပေါင်း ၅၀၀ကျော် ပိတ်ဆို့ ဟန့်တားနိုင်ခဲ့သည့်အပြင် အောင်ဇေယျစစ်ကြောင်းနှင့် ကော့ကရိတ်အခြေပြု စကခ ၁၂နှင့် တပ်ရင်းဌာနချုပ်တို့ကိုလည်း KNLA ဦးဆောင်တပ်ဖွဲ့က ပိတ်ဆို့နိုင်ခဲ့ကာ၊ ဟန့်တားပိတ်ဆို့နေစဉ် တပ်မဟာ ၆ နှင့် တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်တပ် စခန်း ၁၈ ခုကိုလည်း KNLA က သိမ်းပိုက်နိုင်ခဲ့သေးသည်။
စစ်ကော်မရှင်သည် နိုင်ငံတကာ စာမျက်နှာ၌ နိုင်ငံရေးဂုဏ်သိက္ခာ ဆည်ရန်အလို့ငှာ အာရှလမ်းတစ်ခုကို အာရုံစိုက်ရသည့်အပြင် စစ်သားမလုံလောက်မှုကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သော ပြည်သူ့စစ်များကို အစားထိုးကာ ယင်းစစ်သားများကို ဆေးတိုက်ကြွေးပြီး ဒိုင်းအဖြစ် အသုံးချခဲ့သည်ဟု KNU ကဆိုသည်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအားလုံးနီးပါးသည် စိတ်ကြွဆေးများကြွေးခံထားရပြီး ဦးနှောက်ပုံမှန်ဟုတ်ဘဲ စက်ရုပ်သဖွယ် ရှေ့သို့ မောင်းတင်ခံရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းအပြင် လက်နက်ကြီး၊ အမြောက်၊ မစ်ဇိုင်းဒုံးကျည်၊ ဒရုန်းနှင့် လေကြောင်း ပစ်ကူများအပြင် နိုင်ငံတကာ၏ပံ့ပိုးကူညီမှု ရရှိထားသော စစ်တပ်ကို မည်သည့်နိုင်ငံအကူအညီမှ မရရှိသည့် KNU လက်အောက်ခံ တပ်မတော်က နိုင်ငံတော်အဆင့် စစ်ဆင်ရေးထိုးစစ်ကို ၅၀၃ရက် ပိတ်ဆို့နိုင်ခဲ့သည်မှာ စိတ်ဓာတ်ရေးရာအရ ဆီနှင့်ရေကဲ့သို့ကွာခြားပြီး စစ်အောင်နိုင်ခြင်း အမှတ်သင်္ကေတတစ်ခုသို့ ရောက်ရှိနေပြီဟုလည်း ဆိုသည်။
ထို့ကြောင့် အာရှလမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် KNLA ၊ KNDO ၊ PDF နှင့် MLA တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
