လူထု ဆန္ဒသဘောထားမပါသည့် အတုယောင်ရွေးကောက်ပွဲ ပထမပိုင်းဖြင့် ဇာတ်သိမ်း

ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မဲရုံများပိတ်သိမ်းပြီးနောက် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း မြင်တွေ့ရသည့် အခြေအနေမှာ မဲပေးချိန်ကကဲ့သို့ပင် ထူးခြားစွာ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိသည်။

အတိတ်ကာလ ရွေးကောက်ပွဲများတွင် ရလဒ်ကို စောင့်စားရင်း စိတ်လှုပ်ရှားစွာ စုဝေးနေတတ်ကြသော လူအုပ်ကြီးများကို မတွေ့ရတော့ဘဲ၊ မဲရုံများအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မဲရုံဝန်ထမ်းများကိုသာ အဓိက မြင်တွေ့နေရသည်။

ရွေးကောက်ပွဲစောင့်ကြည့်သူအချို့နှင့် နိုင်ငံတကာမီဒီယာအချို့မှာ မဲရုံများအတွင်း မဲရေတွက်နေမှုအခြေအနေကို လာရောက်ကြည့်ရှု သတင်းယူနေကြသော်လည်း ရန်ကုန်မြို့သူမြို့သား အများစုသည် ဤအတုအယောင် ရွေးကောက်ပွဲရလဒ်အပေါ် စိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် နေအိမ်များ၌သာ ဆက်လက်နေထိုင်လျက်ရှိသည်။

မြို့ကြီးတစ်မြို့လုံးရှိ လမ်းမများပေါ်တွင် သွားလာသူ အလွန်တရာ ကျဲပါးနေဆဲဖြစ်သည်ကို နိုင်ငံတကာမျက်လုံးများရှေ့၌ပင် မြင်တွေ့နေရသည်။

လက်ရှိရေတွက်နေသော မဲလက်မှတ်များတွင် အသက်အရွယ်ကြီးရင့်သူ အများစု၏ ဆန္ဒမဲများသာ အဓိကပါဝင်နေသည်ကိုလည်း တွေ့ရသည်။

မဲရေတွက်မှုများကို နိုင်ငံတကာအသိသက်သေများရှေ့တွင် ပြုလုပ်နေပါသည်ဟု ဆိုသော်လည်း ပြည်သူလူထု၏ အသံနှင့် စစ်မှန်သော ဆန္ဒသဘောထားတို့မှာမူ မဲရုံများအတွင်း၌ လုံးဝပျောက်ဆုံးနေပြီ ဖြစ်ကြောင်းကို ယခုမြင်ကွင်းများက ထင်ရှားစွာ သက်သေပြနေခြင်းပင် ဖြစ်ပေသည်။