ကမ္ဘောဒီးယားနိုင်ငံက ဒရုန်းအစီးရေ ၂၅၀ ကျော် အသုံးပြု၍ ပိုင်နက်အတွင်းသို့ ပျံသန်းကာနောက်ဆုံး ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၉ ရက် တွင် စွပ်စွဲလိုက်သည်။
ဒီဇင်ဘာ ၂၈ ရက်ညပိုင်းက “ကမ္ဘောဒီးယားဘက်မှ ပျံသန်းလာသော လူမဲ့လေယာဉ် (UAV) ၂၅၀ ကျော်သည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရကြောင်း” ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ယခုကဲ့သို့ လုပ်ဆောင်ချက်များသည် ရန်စမှုဖြစ်ပြီး တင်းမာမှုများလျှော့ချရန် ရည်ရွယ်ထားသော လုပ်ငန်းစဉ်များကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် ယခုလုပ်ရပ်သည့် စနေနေ့က ပြုလုပ်ခဲ့သော နှစ်နိုင်ငံနယ်စပ်ကော်မတီ အစည်းအဝေးတွင် သဘောတူညီခဲ့သည့် ပူးတွဲထုတ်ပြန်ချက်နှင့် ကိုက်ညီမှုမရှိပါ” ဟု ၎င်းထုတ်ပြန်ချက်တွင် ပါဝင်သည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးခဲ့ပြီးဖြစ်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်နှင့် “ချက်ချင်းဖြေရှင်းရန်” သဘောတူညီခဲ့ကြကြောင်း ယနေ့နေ့တွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
ပရက်ဆိုခွန်းက ၎င်းဖြစ်စဉ်ကို “နယ်စပ်မျဉ်းတစ်လျှောက် နှစ်ဖက်စလုံးက တွေ့မြင်ခဲ့ရသည့် ဒရုန်းပျံသန်းမှုနှင့် ပတ်သက်သော ကိစ္စရပ်အသေးအမွှားတစ်ခု” အဖြစ် ဖော်ပြခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ယခုလအတွင်း လူပေါင်းများစွာ သေဆုံးပြီး လူဦးရေ တစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် နယ်စပ်တိုက်ပွဲများကို ရပ်တန့်ရန် ဒီဇင်ဘာ ၂၇ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်အရ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရန်၊ တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းမှုကို ရပ်တန့်ထားရန်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ဆိုင်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြ သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် နယ်စပ်အခြေအနေကို ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်အတူ ယူနန်ပြည်နယ်တွင် ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့က သုံးနိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
ဝမ်ယိက ၎င်း၏ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံစဉ်အတွင်း ယခုအပစ်အခတ်ရပ်စဲရေးမှာ “ခက်ခက်ခဲခဲ ရယူထားရခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် လမ်းခုလတ်တွင် စွန့်လွှတ်ခြင်း သို့မဟုတ် တိုက်ပွဲများ ပြန်လည်စတင်ခြင်းမျိုး မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
“သုံးနိုင်ငံ ဆွေးနွေးမှုတွေဟာ အကျိုးရှိပြီး အပြုသဘောဆန်ပါတယ်။ အရေးကြီးတဲ့ သဘောတူညီချက်တစ်ခုကိုလည်း ရရှိခဲ့ပါတယ်” ဟု ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
သို့ရာတွင် အပစ်အခတ်ရပ်စဲရေး လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခဲ့သည့် အာဆီယံ (ASEAN) ၏ အခန်းကဏ္ဍကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
