တောင်ဥက္ကလာထွေအုပ်ရုံးကို ဗုံးနှင့် မိုင်းတို့ဖြင့် တိုက်ခိုက်၊ရဲ၂ဦးနှင့် ဆယ်အိမ်မှူး ဒဏ်ရာရဟုဆို

ဓာတ်ပုံ - မြို့ပြကြွက်
ပုံစာ - တောင်ဥက္ကလာပထွေအုပ်ရုံး။

တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်သည့်ညတွင် တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးကို ဗုံးနှင့် မိုင်းတို့ဖြင့် ပစ်ခတ်ခဲ့ရာ ရဲ၂ဦးနှင့် ဆယ်အိမ်မှူးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ရက်၊ ည ၁၁နာရီဝန်းကျင်တွင် သစ္စာလမ်းပေါ်ရှိ တောင်ဥက္ကလာပထွေအုပ်ရုံးကို လက်ပစ်ဗုံး ၂လုံး၊ လက်လုပ်မိုင်း ၂လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်က သတင်းထုတ်ပြန်သည်။

” ရုံးဝင်းထဲအထိရောက်ပါတယ်။ မြေပြင်သတင်းပေးပို့မှု အရပ်ဝတ် ရခနှစ်ဦး၊ ပျူ အရပ်အခေါ်အဝေါ် ဆယ်အိမ်မှူးတစ်ဦး ပေါင်း၃ဦး စံပြဆေးရုံတင်ထားရ” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် ရုံးအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်ပစ်ကြောင်းသိရသည်။

” အထဲကနေ ၃ချက်ပြန်ပစ်သံကြားရပါတယ်။ အပြင်ထိတော့မလိုက်ရဲကြပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

မြို့ပြကြွက်ကွန်ရက်အနေဖြင့် စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်နှင့် ပူးပေါင်းမပါဝင်ကြရန် အကြိမ်ကြိမ်သတိပေး နှိုးဆော်ထားပြီး ဖြစ်သဖြင့် ယင်းရွေးကောက်ပွဲအား အားဖြည့်ကူညီနေသော အကျိုးစီးပွားသမားများကို ပြတ်ပြတ်သားသား အရေးယူချေမှုန်းသွားမည်ဟု ထုတ်ပြန်ထားသည်။

စာတည်း-ML