ရခိုင်ပြည်နယ် ငန်းချောင်းနှင့် ကြိမ်ချောင်းတို့ကို စစ်တပ်က ဗုံးကြဲခဲ့ရာတွင် အာရက္ခတပ်တော် ဗိုလ်ချုပ်ထွန်း မြတ်နိုင်အပါအဝင် ထိပ်တန်းအရာရှိများ သေဆုံးခဲ့သည်ဟု စစ်လော်ဘီများက သတင်းအတုများ ဖြန့်ဝေနေကြသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပိုင်း ငန်းချောင်းနှင့် ကြိမ်ချောင်း တွင် အေအေဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်အဖွဲ့ရောက်ရှိချိန်၌ ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရေးသား ၍ မီးလောင်နေသော ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားသည်။
သတင်းအတုလင့်ခ် – https://archive.ph/X69wR
အဆိုပါ အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှု များ ပြားနေသည်။
သတင်းအတုလင့်ခ်များ
Lashio thar – https://archive.ph/mo5Ra
ပျံ့နှံ့နေသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သတင်းအတုဖြစ်ကြောင်း သက်သေပြ စိစစ်ချက်
Google တွင် “ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငန်းချောင်းနှင့် ကြိမ်ချောင်း ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ ရခိုင်ဒေသတွင်း မီဒီယာများဖြစ်သော Development Media Group, The Arakan Express News, Narinjara သတင်းဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာများတွင် အာရက္ခတပ်တော် ထိန်းချုပ်ထားသော ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကြိမ်ချောင်း ကြိမ်ချောင်း နခခ(၇) နှင့် ငန်းချောင်းဒေသရှိ ယခင် စစ်တပ်တပ်ရင်းနေရာတွေကို ဒီဇင်ဘာ ၂၇ ရက် ည ၁၁ နာရီ ကျော်၌ စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့ကြောင်း၊ ဗုံးကြဲမှုကြောင့် လူသေဆုံးမှု မရှိဘဲ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းလင့်ခ်များ
DMG – https://bitly.cx/4LYE
The Arakan Express News – https://bitly.cx/1nhGs
Narinjara – https://bitly.cx/Zw388
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကြိမ်ချောင်းနှင့် ငန်းချောင်းရွာအနီးသို့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်လော်ဘီများက ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ထိပ်တန်းအရာရှိများ ဗုံးကြဲခံရမှုကြောင့် သေဆုံးကြောင်း ဖြန့်ဝေထားသောအကြောင်းအရာ လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်း အရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
