ရန်ကုန်တွင် စစ်မှုထမ်းအတွက် လူဖမ်းခြင်းကို စီးပွားရေးတစ်ရပ်အသွင် ပြုလုပ်နေ

By Ko Myo / MPA

ရန်ကုန်မြို့လမ်းမများပေါ်တွင် စစ်မှုထမ်းအတွက် လူလိုက်ဖမ်းခြင်းကို ပျူစောထီးတို့က စီးပွားရေးတစ်ရပ်အသွင် ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်ပျူလူမိုက်တို့သည် အိမ်စီးကားဖြင့် ညနေစောင်းနှင့် ညဦးပိုင်းတို့တွင် လမ်းမပေါ်သွား လာနေသည့် လူငယ်များအား အလစ်ဝင်ဖမ်းကာ ကားပေါ်ဆွဲတင်သွားလေ့ရှိခြင်းကို တရားဝင် လိုင်စင်ရလုပ်ငန်းပမာ လုပ်ကိုင်နေကြကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။

“လူတစ်ယောက်ဖမ်းမိရင် ဘယ်လောက်ရသလဲဆိုတာ တစ်နေရာနဲ့တစ်နေရာမတူလို့ သေချာ အ တိအကျမပြောနိုင်ပေမဲ့ ၁၀သိန်း၊၁၅သိန်းကတော့ အေးဆေးရတယ်။အဲဒါကြောင့် ဒါကို စီးပွားရေး ပုံစံမျိုး လုပ်လာကြတာ။စစ်မှုထမ်းအတွက် လူမရှိတော့တာလည်း ပါတာပေါ့”ဟု ၎င်းက MPAသို့ ပြောသည်။

စက်တင်ဘာ၇ရက်၊ည၁၁နာရီခန့်တွင် ကမာရွတ်မြို့နယ်၊လှည်းတန်း၊ဇေယျာသီရိလမ်းထဲရှိ ဘာ တစ်ခုမှ ထွက်လာသော လူငယ်၈ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် စစ်တပ်၏ လှုပ်ရှားမှုများကို အဓိကဖော်ပြပေးနေသော RSN ၏ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ချက်များထဲတွင် ရန်ကုန်မြို့၌ စစ်အုပ်စုဝင်တို့ လူငယ်များ အား လိုက်လံဖမ်းဆီးနေကြောင်း ခပ်စိပ်စိပ်တွေ့လာရသလို ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်၌လည်း လူပျောက်ကြော်ငြာများကို တွေ့လာရသည်။

“အခုက လူပျောက်လည်း ရဲစခန်းကို မတိုင်ကြဘူး။ရန်ကုန်မြို့အခြေအနေကို စောင့်ကြည့်ပြီး သ တင်းတင်နေတဲ့ပေ့ချ်တွေကလည်း အကုန်လုံးကို ခြုံပြီး တင်နိုင်ဖို့မလွယ်ဘူး။အဲဒါကြောင့် လူငယ် တွေ သွားရင်းလာရင်းဖမ်းဆီးခံနေရတာတွေက သိကြတာထက် ပိုများမှာ သေချာတယ်”ဟု ရန် ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။

ဩဂုတ်လတွင် ရန်ကုန်တိုင်းအတွင်း စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ ၁၆၇ဦးရှိသည့်အနက် လမ်းမပေါ်သွားလာနေစဉ် အဖမ်းခံရသူ ၅၉ ဦးနှင့် လမ်းဘေးထိုင်နေစဉ် အဖမ်းခံရသူ ၃ ဦးရှိကြောင်း RSN က ဆိုသည်။’

“အခု ရန်ကုန်အခြေအနေက ကိုယ့်သားသမီး၊ကိုယ့်လင်ကိုယ်မယား ညနေစောင်းလို့မှ အလုပ်ကနေ ပြန် ရောက်ရမယ့်အချိန် ပြန်မရောက်သေးရင် စိတ်ပူလို့ ဖုန်းဆက်နေရပြီ။ကိုယ်လို ၅၀ကျော်အရွယ် တောင် အဖမ်းခံရမှာစိုးလို့ အပြင်ထွက်ရင် သတိထားနေရတယ်”ဟုလှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန်တွင် လူငယ်အမျိုးသမီးများပါ ပျောက်ဆုံးနေသည့် သတင်းများ ထွက်ပေါ်နေသလို အမျိုးသ မီးစစ်မှုထမ်းသင်တန်းကို မှော်ဘီမြို့နယ်၊အမှတ်၄ အရာခံနှင့်အကြပ်ကြီးသင်ကျောင်း၌ ဖွင့်လှစ်နေ ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ဩဂုတ်၁၃ရက်၌ ထုတ်ပြန်ထားသည်။

စာတည်း-ML