တောင်ကြီးမြို့၌ အတုအယောင်ရွေးကောက်ပွဲ မဲပေးသူ ၅၀ ရာခိုင်နှုန်းအောက်သာရှိခဲ့

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲပထမပိုင်း၌ တောင်ကြီးမြို့ရှိ ရပ်ကွက်အများစုမဲပေးလာသူဦးရေမှာ ၅၀ ရာခိုင်နှုန်းမကျော်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၂၈ရက်တွင် ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲပထမပိုင်း၌ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ၊ နမ့်စန်၊ လင်းခေးနှင့် လွိုင်လင်မြို့နယ်တို့တွင် ပြုလုပ်ခဲ့ပြီး မဲလာပေးသူအများစုမှာ အမျိုးသမီးများ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်ရှိ ရပ်ကွက် ၅၁ ခုနှင့် ကျေးရွာအုပ်စု ၂၄ စုမှာ မဲရုံ ၁၉၀ ရုံ ဖွင့်လှစ်ထားခဲ့သော်လည်း မဲပေးနိုင်သူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့ခြင်းဖြစ်သည်။

“မဲမထည့်ဖို့တောင် ကြောက်နေရင် တစ်သက်လုံး အကြောက်တရားနဲ့ပဲ နေသွားရနိုင်တယ်လို့တွေးမိလို့ရယ် ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် ကိုယ်တိုင် မဲမပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ရပ်ကွက်အများစုက‌တော့ မဲလာပေးတဲ့သူတွေက ထင်ထားသလို မများဘူး။ အချို့ရပ်ကွက်တွေဆိုရင် တစ်ဝက်တောင် မပြည့်ဘူး။” ဟု တောင်ကြီးမြို့နေ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကပြောသည်။

ထို့ပြင် မဲပေးပြီးနောက် စက္ကန့်အနည်းငယ်ကြာမှ ထွက်လာသည့် စာရွက်ပုံစံကြောင့် ကိုယ်တိုင်ပေးထားသည့် မဲများကို ပတ်ဝန်းကျင်ရှိသူများက မြင့်နိုင်သည့်အတွက် မဲပေးစနစ်နှင့် ပတ်သက်ပြီး သံသယရှိကြောင်း ဒေသခံများကဆိုသည်။

မဲပေးသူနည်းခြင်းကြောင့် မဲစာရင်းမပါသူများကို မှတ်ပုံတင်ဖြင့် မဲလာပေးကြရန် တိုက်တွန်းမှုများရှိခဲ့ပြီး မဲစာရင်း မပါသည့်အတွက် မဲမပေးရသူအရေအတွက်မှာလည်း ထောင်ဂဏန်းခန့်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာ ၂၆ရက်က တောင်ကြီးမြို့၌ ကြိုတင်မဲရေတွက်ရာတွင်လည်း ကြံ့ဖွံ့ပါတီကသာ မဲထောင်ချီဖြင့် အနိုင်ရရှိခဲ့သေးသည်။

ယင်းအပြင် တောင်ကြီးမြို့ရှိ မဲရုံတစ်ရုံ၌ မဲလာပေးသူ ဦးရေသည် တစ်ထောင်မှ နှစ်ထောင်ကြားရှိသော်လည်း ည ခုနှစ်နာရီ မဲရုံပိတ်ချိန်အထိ လူဦးရေထက်ဝက်ခန့်သာ မဲပေးခဲ့ကြောင်း မဲရုံအခြေအနေကို စောင့်ကြည့်လေ့လာသူများက ဆိုသည်။

တောင်ကြီးမြို့နယ်အတွင်း မဲစာရင်းပါလူဦးရေမှာ ၃သိန်း၆သောင်းနီးပါးရှိသည့်အနက် ၁ သိန်း ၈ သောင်းကျော်သာ မဲပေးခဲ့ကြောင်း သိရသည်။

တောင်ကြီး မြို့နယ်အတွင်း ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ၌ ပြည်သူ့လွှတ်တော် နေရာအတွက် ကြံ့ခိုင်ရေး ၂၃၄၄၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၁၄ နှင့် ပြည်သူ့ပါတီ ၄ မဲ၊ အမျိုးသား လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၁၃၃၆၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၃၃ နှင့် ပြည်သူ့ပါတီ ၄ မဲ၊ ပြည်နယ် လွှတ်တော် နေရာ အတွက် ကြံ့ခိုင်ရေး ၂၃၂၀၊ ကျားဖြူ ၁၁၊ PNO ပြည်သူ့စစ် ၁၄ နဲ့ ပြည်သူ့ပါတီ ၆ မဲ အသီးသီး ရရှိခဲ့သည်။