စစ်ကော်မရှင် ရွေးကောက်ပွဲ တရုတ်က တည်ငြိမ်ချောမွေ့သည်ဟု ဆိုသော်လည်း ပြည်သူများနှင့် နိုင်ငံတကာက ဝေဖန်

ဓာတ်ပုံ-လူမှုကွန်ရက်

မြန်မာစစ်ကော်မရှင်က ကျင်းပနေသည့် ရွေးကောက်ပွဲ ပထမအဆင့်သည် တည်ငြိမ်ချောမွေ့စွာ ပြီးဆုံးခဲ့ကြောင်း တရုတ်နိုင်ငံက ချီးကျူးလိုက်သော်လည်း မြေပြင်တွင်မူ ပြည်သူများကို အတင်းအကျပ် မဲပေးခိုင်းမှုများ ရှိနေပြီး နိုင်ငံတကာကလည်း အဆိုပါ ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်နေကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲမှာ “ယေဘူယျအားဖြင့် တည်ငြိမ်ချောမွေ့ပြီး စနစ်တကျရှိသည်” ဟု မှတ်ချက်ပြုခဲ့သည်။ သို့သော် မြန်မာပြည်တွင်းရှိ ပြည်သူများကမူ တည်ငြိမ်သည်ဆိုသော စကားလုံးမှာ မြေပြင်အခြေအနေနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်း ပြောဆိုနေကြသည်။

“တည်ငြိမ်တယ်ဆိုတာက သူတို့ သေနတ်ထောက်ထားလို့ ငြိမ်နေရတာပါ။ ရပ်ကွက်ထဲမှာ အိမ်တိုင်ရာရောက် မဲပေးဖို့ လာခေါ်တာတွေ၊ မပေးမနေရ အတင်းအကျပ် စေခိုင်းတာတွေရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

အခြားဒေသအသီးသီးမှ ပြည်သူများကလည်း စစ်ကော်မရှင်က မဲရုံများသို့ လာရောက်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုကြသည်။

“ကျွန်မတို့ကတော့ အခုထိတော့ မပေးရသေးဘူး။ နောက်တကြောမှာပါတယ်။ အခုထိတော့ ငြိမ်နေတယ်။ ထူးထူးခြားခြားတော့ သိပ်မတွေ့သေးဘူး။ ဒါပေမဲ့ သွားပေးဖို့အတွက် ဖိအားတွေတော့ ရှိထားတယ်။ ၂၀၂၀ ရွေးကောက်ပွဲလို မဟုတ်တာတော့ အသေအချာပဲ”ဟု ရွှေပြည်သူမြို့နယ်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “တရုတ်နိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒထက် သူ့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ တည်ငြိမ်ရေးကိုပဲ ရှေ့တန်းတင်နေတာပါ။ အခုလို ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးခြင်းအားဖြင့် စစ်တပ်ကို နိုင်ငံတကာစင်မြင့်မှာ သံတမန်ရေးရာ အကာအကွယ် (Diplomatic Shield) ပေးဖို့ ကြိုးပမ်းနေတာဖြစ်တယ်”ဟု သုံးသပ်သည်။

ဥရောပလွှတ်တော်အမတ်များနှင့် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ (APHR) ကမူ ဤရွေးကောက်ပွဲသည် စစ်အုပ်စုက အာဏာကို တရားမဝင် ရယူထားမှုကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် အတုအယောင်သာဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့က အိတ်ဖွင့်ပေးစာတစ်ရပ် ထုတ်ပြန်ကာ ပြင်းထန်စွာ ငြင်းပယ်ထားသည်။

စစ်ကော်မရှင်သည် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ၊ ကျားဖြန့်နှင့် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများ ကျူးလွန်နေစဉ်အတွင်း ကျင်းပသည့် ဤရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ တရားဝင်မည်မဟုတ်ကြောင်း ၎င်းတို့က ထောက်ပြသည်။

တရုတ်နှင့် ရုရှားတို့က ဤရွေးကောက်ပွဲကို ထောက်ခံနေသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် ဥရောပသမဂ္ဂအပါအဝင် ဒီမိုကရေစီနိုင်ငံများကမူ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန်နှင့် စစ်ကော်မရှင်အပေါ် ဖိအားများ တိုးမြှင့်ရန် ပြင်ဆင်နေကြသည်။

လက်ရှိတွင် မြန်မာ့အရေးသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တရားဝင်အောင် ကြိုးပမ်းပေးနေသည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် မြေပြင်တွင် သေနတ်ထောက် ဖိအားပေးခံနေရသည့် ပြည်သူများ၏ အသံများအကြား နိုင်ငံတကာ သံတမန်ရေးရာ အားပြိုင်မှုမှာ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။