ပေါက်ခေါင်းတွင် လက်နက်ကြီးတပ်ဆင်ထားသည့် စစ်တပ်စခန်းကို PDF ဝင်တိုက်၊ စစ်သား ၄ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - ပြည်ခရိုင်တပ်ရင်း ၂
ပုံစာ - ပြည်ခရိုင်တပ်ရင်း ၂ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ( ပုံဟောင်း )

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းကျေးရွာရှိ လက်နက်ကြီး တပ်ဆင်ထားသည့် စစ်တပ်အထိုင်စခန်းကို အတုအယောင်ရွေးကောက်ပွဲနေ့တွင် PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ရက်၊ နံနက် ၁၀နာရီ ၁၅မိနစ်ခန့်က ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်အစပ်၊ ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းကျေးရွာ အေးဘုရားအနီးတွင် အင်အား၅၀ခန့်ဖြင့် တပ်စွဲထားသည့် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ က ယနေ့ ( ဒီဇင်ဘာ ၃၀ရက် ) သတင်းထုတ်ပြန်သည်။

” တိုက်ပွဲကြာချိန်က ၁၅မိနစ်လောက်ပဲရှိတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာတော့ ရွေးကောက်ပွဲကျင်းပနေတဲ့အချိန်ဖြစ်တဲ့အတွက် ချက်ချင်းစစ်ကူလာတာတော့ မတွေ့ရဘူး။ ရည်ရွယ်ချက်က ရွေးကောက်ပွဲလုပ်တဲ့နေ့မှာ ပြည်နဲ့ ပေါက်ခေါင်းကို ကာထားတဲ့နေရာဖြစ်တာ ကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ” ဟု ပြည်ခရိုင်တပ်ရင်း ၂မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ရဲဘော် Red Star က MPA ကို ပြောသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို မြေပြင်သတင်းရင်းမြစ်များမှတစ်ဆင့်အတည်ပြုနိုင်ခဲ့ ကြောင်း သိရသည်။

” ဒီနေ့မနက်မှာ သဲကုန်းဘက်ကနေ စစ်ကြောင်းတစ်ကြောင်း တက်လာတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ ဒရုန်းတွေတောက်လျှောက် ဝဲနေတယ်။ နောက်ပြီး ပေါက်ခေါင်းဘက်မှာကျ ဗောဓိကုန်းဘက်နေ စစ်ကြောင်းတက်လာပြီး လက်နက်ကြီးတွေပစ်တယ်။ ကြို့ပင်ဘက်ကို တစ်လုံးကျတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၁ ဗျူဟာ ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၃ နှင့် ပြည်ခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၃ တို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။