အမြန်လမ်း၌ PDF များကို အားပေးစကားပြောကြားခဲ့သူကို စစ်ကော်မရှင် ဖမ်းဆီး

ဓာတ်ပုံ-လူမှုကွန်ရက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ တက်ရောက်လာစဉ် “အမြန်ဆော်ဗျာ” ဟု အားပေးစကား ပြောဆိုခဲ့သည့် အမျိုးသားတစ်ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နေအိမ်၌ ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်ဖမ်းဆီးခဲ့သူသည် အိမ်ခန်းအလှဆင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၉ နှစ်အရွယ် ကိုဘိုဘိုသိန်းဖြစ်ပြီး ယမန်နေ့( ဒီဇင်ဘာ ၂၉ရက်)၊ ည ၁၁နာရီက ၎င်းနေထိုင်ရာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် အမြန်လမ်း၌ ကိုဘိုဘိုသိန်းမောင်းနှင်ခဲ့သည့် EV အမျိုးအစားကားကိုပါ စစ်ကော်မရှင်က သိမ်းဆည်းခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဖမ်းခဲ့တာက အမှန်ပါ။ အပေါ်ကနေ သတင်းပို့လာလို့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပေါင်းပြီး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ကျန်တာကတော့ ပြောလို့မရပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂၈) ရက်၊ နံနက် (၁၀) နာရီဝန်းကျင်တွင် အမြန်လမ်း မိုင်တိုင် ၃၃၂ (ကျောက်ဆည်လမ်းခွဲနှင့် ပြင်စည်လမ်းခွဲကြား) အနီးသို့ PDF အင်အား (၃၀) ခန့်သည် လမ်းမပေါ်သို့ တက်ရောက်လာပြီး ရဲကင်းတစ်ခုကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လုံခြုံရေးတပ်ဖွဲ့များနှင့် (၁၅) မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမြန်လမ်းပေါ်ရှိ ယာဉ်သွားလာမှုများ ယာယီရပ်တန့်ခဲ့ရကာ၊ ကိုဘိုဘိုသိန်းသည် ၎င်း၏ကားဖြင့် ဖြတ်သန်းစဉ် PDF အဖွဲ့များကို တွေ့ရှိကာ အားပေးစကား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ အဓိက အကျဆုံး ဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ တော်လှန်ရေးအင်အားစုတွေက နေ့ခင်းကြောင်တောင် အင်အားအလုံးအရင်းနဲ့ တက်ရောက်လာက စစ်ကော်မရှင်ရဲ့ လုံခြုံရေးယန္တရား ကျိုးပေါက်တာကို ပြတာဖြစ်တယ်။ မြေပြင်မှာ PDF တွေကို တိုက်ရိုက်မထိန်းချုပ်နိုင်တော့ အားပေးစကားပြောတဲ့ အရပ်သားကို လိုက်လံဖမ်းဆီးပြီးတော့ လူထုကို ခြောက်လှန့်ဖြို့ ကြိုးစားတာဖြစ်တယ်” ဟု နိုင်ငံရေးလေ့ာသူတစ်ဦးက သုံးသပ်သည်။

သာမန်အရပ်သားတစ်ဦးမှ လက်နက်ကိုင်အဖွဲ့များကို “အမြန်ဆော်” ဟု ပြောဆိုခဲ့ခြင်းမှာ လက်ရှိစစ်အုပ်ချုပ်ရေးအပေါ် လူထု၏ နက်ရှိုင်းသော မကျေနပ်မှုနှင့် တော်လှန်ရေးအင်အားစုများအပေါ် ထောက်ခံမှုကို ထင်ဟပ်စေသည်မှာ ထင်ရှားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခုကဲ့သို့ ရုပ်သံများကို လူမှုကွန်ရက်၌ မတင်သင့်ကြောင်း Fact Checker တစ်ဦးက ပြောသည်။

“လော်ဘီတွေက အမြန်လမ်းက Video ထဲမှာ ပါတဲ့ လူကို SS ရိုက် ကားနံပါတ်မှတ်ပြီး ဖမ်းခိုင်းတာ၊ အဲ့ဒါကြောင့်မို့လို့ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ သတိထားသင့်တယ်။ မြို့နေလူထုက တော်လှန်ရေးစိတ်ဓာတ်အပြည့်ရှိတာကို ပြသစေချင်တဲ့ စိတ်ကြောင့် တင်လိုက်ပေမယ့် အခုလို စစ်တပ်ရဲ့ ဖမ်းတာကိုခံလိုက်ရတော့ မကောင်းဘူးလေ” ဟု Fact Checker တစ်ဦးက ထောက်ပြသည်။

စစ်ကော်မရှင်သည် စစ်ရေးအရ အရှုံးကြီး ရင်ဆိုင်နေရချိန်တွင် သတင်းအချက်အလက် စီးဆင်းမှုနှင့် လူမှုကွန်ရက်တွင်ရှိသည့် အထောက်အထားများကို အခြေခံပြီး မြို့ပြ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေသည့်အတွက် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များ သတိကြီးစွာ ထားရန် ၎င်းက ဆက်လက်အကြံပြုသည်။

ထို့ပြင် စစ်ကော်မရှင်သည် နိုင်ငံရေး အကျပ်အတည်းတွေ့နေရချန် အကြောက်တရားဖြင့် အုပ်ချုပ်ရန် ကြိုးပမ်းမှုသည် နောက်ဆုံးလက်နက်ဖြစ်သော်လည်း လူထု၏ တော်လှန်ရေးစိတ်ဓာတ်ကို ဟန့်တားနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။