By Nway / MPA
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း ပါရာမော်တာကို ဓာတ်ပုံထွက်ရိုက်သည့် ပြည်သူ၃ဦး ဗုံးကြဲခံရပြီး သေဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာ၇ရက် ညနေပိုင်းတွင် စစ်တပ်က ပါရာမော်တာ၅စင်းဖြင့် အုတ်ဖိုမြို့နယ်၊ချင်းစု၊ ကိုင်းကြီး၊ ဒေါင်းကြီးနှင့် ကြို့ပင်ကိုးရွာတို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ချင်းစုရွာဆေးဆိုင်သို့ ရောက်နေ သော ချင်းစုရွာမှ အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၅နှစ်အရွယ် အမျိုးသားတစ်ဦး နှင့်အသက်၃၅နှစ်အရွယ် ကိုင်းကြီးရွာသားတစ်ဦးတို့ ဗုံးထိမှန်ကာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် စစ်ဘက်ရေးရာတာဝန်ခံ ကိုသစ္စာထံက သိရသည်။
” ကိုင်းကြီးရွာက သေဆုံးတဲ့သူက ချင်းစုရွာ ဆေးဆိုင် အိမ်ခြံဝင်းထဲမှာ ကျတဲ့အလုံးမှာကိုက ၃ယောက်သေတာပါဗျ။ ချင်းစုရွာက ၂ယောက်နဲ့ ကိုင်းကြီးရွာကတစ်ယောက်။ သူတို့ ဒါမမြင် ဘူးတော့ ဓာတ်ပုံထွက်ရိုက်တဲ့အချိန်ကျတာပါဗျ” ဟု ၎င်းက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းစုရွာတွင် ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဆေးဆိုင်နေအိမ် ပျက်စီးမှုအချို့ရှိကြောင်းသိရသည်။
” ထိခိုက်ပျက်စီးမှုကတော့ နည်းနည်းပါးပါးတော့ အိမ်တော့ ပျက်စီးသွားတာမျိုးရှိတာပေါ့။ အကာအရံတွေတော့ ပျက်စီးသွားတာရှိတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
တစ်ချိန်တည်းမှာပင် ကိုင်းကြီး၊ ဒေါင်းကြီးနှင့် ကြို့ပင်ကိုးရွာတို့ကို ထပ်မံဗုံးကြဲခဲ့ရာ ဒေါင်းကြီးကျေးရွာမှ အမျိုးသားတစ်ဦး ပေါင်နှင့်လက် ထိခိုက်ဒဏ်ရာရပြီး အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦး နဖူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုင်းကြီးရွာမှ ဘုန်းကြီးကျောင်းတစ်ဆောင်နှင့် ဒေါင်းကြီးရွာမှ နေအိမ်တစ်လုံးတို့ ပျက်စီးခဲ့ကြောင်းသိရသည်။
စာတည်း-ML
