ကန့်ဘလူတွင် ကင်းထွက်လာသည့် စစ်အုပ်စုဝင်များ စောင့်ပစ်ခံရပြီး ၇ဦးသေ၊ သေနတ် ၅လက်ရရှိဟုဆို

ဓာတ်ပုံ - ရေဦးမြို့နယ်ပကဖ ပုံစာ - တိုက်ပွဲဝင် ပကဖရဲဘော်များ။ (ပုံဟောင်း)

By Ra Wai / MPA

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းလှည့်ထွက်သည့် စစ်အုပ်စုဝင်များကို PDFတို့က သတင်းအရ စောင့်ပစ်ခဲ့ရာ ၇ဦးသေဆုံးကာ သေနတ် ၅လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေဦးမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၈ရက်) နံနက် ၆နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာမှ စစ်သားနှင့်ပျူ ၁၇ဦးသည် ကာဘိုးကျေးရွာဘက်သို့ ကင်းလှည့်ထွက်စဉ် PDFတို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” လှည့်ကင်းထွက်မယ်။ ကာဘိုးဘက်ကိုကူးမယ်။ ခွေး ၁၇ကောင် ကူးမယ်ဆိုတဲ့ သတင်းရလို့ ကြားကနေဖြတ်တိုက်လိုက်တာ။ ၁၀မိနစ်ကျော်ကျော်လောက်တော့ကြာမယ်။ သူတို့ပစ်ချိန်မရလိုက်ပါဘူး။ ဒီကခြုံခိုပြီး တိုက်ခိုက်လိုက်တာဆိုတော့ ရှေ့က သူတို့တော်တော်များများ ကျသွားခါကျ အကုန်လုံးထွက်ပြေးကြတာ” ဟု ရေဦးမြို့နယ်ပကဖ တာဝန်ခံက MPA သို့ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဝင်များသည် ဝက်တိုးရွာဘက်သို့ ပြန်ဆုတ်သွားပြီး အလောင်းများကို ပစ်ထားခဲ့ကြောင်းသိရသည်။

” လောလောဆယ်တော့ ဝက်တိုးဘက်ပြန်လှည့်သွားတယ်။ ကျနော်တို့လည်း အလောင်းတွေ ဘာတွေဓာတ်ပုံရိုက်၊ သေနတ်ပုံတွေ ဘာတွေ ဓာတ်ပုံမှတ်တမ်းယူပြီး ရဲဘော်တွေ ပြန်ဆုတ်လာလိုက်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုအပြီးတွင် ကာဘိုင်သေနတ် ၂လက်၊ MA 1 တစ်လက်၊ G3 တစ်လက်နှင့် ပြောင်းချော တစ်လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ဝက်တိုးကျေးရွာသည် ကန့်ဘလူမြို့နှင့် ၃ဖာလုံသာ ဝေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML