By Hsu Yee/MPA
မကွေးတိုင်း ၊ ပွင့်ဖြူမြို့နယ်တွင် စစ်တပ်က လူသားဒိုင်းလုပ်ကာ မိုင်းကွင်းဖြတ်ခိုင်းသဖြင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၆ ရက် နေ့ခင်းပိုင်းတွင် မဲဇလီ ရဲစခန်းမှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ကနီ ၊ မဒဲ ၊ မဒဲကုန်းနှင့်အင်းကုန်းရွာတို့မှ ပြည်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့ပြီး ပြည်သူ တစ်ဦး၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကျန်ပြည်သူ ၁၁ ဦးကို မွန်းလွဲ ၄ နာရီကျော်၌ ရှောက်တော-မဲဇလီလမ်းပိုင်းမှ မိုင်းကွင်းအား ဖြတ်ခိုင်းခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
“ဖမ်းဆီး သတ်ဖြတ်ခံရသူတွေက အသက် ၄၀ ကျော်ဝန်းကျင် အမျိုးသားတွေဖြစ်ပါတယ်ဗျ။ ဒဏ်ရာရရှိတဲ့ ၆ ဦးကိုတော့ တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ဆေးကုသမှုပေးနေတယ်ပေါ့လေ။ သူတို့က အဲ့နေရာမှာတင် ပြန်လွတ်ခဲ့ပါတယ်။ သူတို့ဒဏ်ရာရတာတွေ ပြင်းထန်တာကိုး”ဟု ပွင့်ဖြူမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စက်တင်ဘာ ၆ ရက်၊ နံနက် ၆နာရီခန့်တွင် ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်မှ စစ်သားများနှင့် ပျူ ပူးပေါင်းအင်အား ၃၀ ခန့်ဖြင့် မဒဲကျေးရွာ မြောက်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ PDF ပူးပေါင်းတပ်များနှင့် နာရီခန့် ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်သား ၄ ဦး သေဆုံးပြီးနောက် မဲဇလီရဲစခန်းမှ အင်အား ၈၀ခန့်ဖြင့် စစ်ကြောင်းထိုးခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမိုင်းကွင်းဖြတ်ရာတွင် စစ်သား ၁၄ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့ပြီး သေဆုံးစစ်သားများအား ပွင့်ဖြူမြို့နယ် သမ္ဗာဆန္ဒ လူနာတင်ကားဖြင့် ည ၇ နာရီခန့်၌ ၂ ကြိမ်လာသယ် သွားကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်မှစတင်၍ ဝါစိုက်ပျိုးရေးတပ်မှ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် မကျီးစုရွာသား ၂ ဦးနှင့် အမည်မသိရွာသား တစ်ဦးအား သတ်ဖြတ်ခဲ့ကာ အလောင်းအားမီးရှို့၍ မကျီးစုရွာကိုလည်း မီးရှို့ခဲ့ရာ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့သေးကြောင်း သိရသည်။
“ရန်သူဘက်ကတော့ တော်တော်မကျေနပ်နေတာပေါ့။ သူတို့ စစ်ကြောင်း စထွက်ကတည်းက တိုက်ခိုက်ခံရတာဆိုတော့ မကျေနပ်နေပြီးတော့ မီးရှို့တာတွေ ဘာတွေတောက်လျှောက်လုပ်နေတာ။ သူတို့အခုထိ ကျောင်းကုန်းကြီး ကျေးရွာမှာတော့ ဝါစိုက်ပျိုးရေးတပ်နဲ့ ပျူစောထီးတွေရှိသေးတယ်ပေါ့လေ။ ၃၀ ကျော်လောက်တော့ ရှိတာပေါ့လေ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ပြည်သူများကို မိုင်းကွင်းဖြတ်ခိုင်းခြင်းနှင့်ပစ်ခတ်ခြင်းတို့ ကြောင့် စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာ ၆ ရက်ထိ ပြည်သူ ၉ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ကြောင်းထိုးနေမှုကြောင့် စံပြ-ဆည်တော်လမ်းပိုင်းနှင့် မဲဇလီ-ရှောက်တောလမ်းပိုင်းရှိ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၂၀၀၀၀ ကျော်စစ်ရှောင်နေရကြောင်း သိရသည်။
စစ်သားများ၏ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။
စာတည်း-ML
