ကြားကာလ တိုင်းအစိုးရအဖွဲ့ဝင်အားလုံးမှာ မြေပြင်တွင် တိုက်ပွဲဝင်နေကြသူများဟုဆို

ဓာတ်ပုံ-မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ပုံစာ- ဒီဇင်ဘာ ၁၃ ရက်တွင် မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီက မိုးကုတ်စစ်ဘေးရှောင်များကို ရိက္ခာနှင့်စောင် လှူဒါန်းနေစဉ်

မကြာသေးမီက ဖွဲ့စည်းပြီးခဲ့သည့် ကြားကာလတိုင်းအစိုးရအဖွဲ့ဝင်များအားလုံးမှာ တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း တိုက်ပွဲဝင်နေကြသူများဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ၂၃ရက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့နှင့် နိုဝင်ဘာ၂၈ရက်တွင် မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ကို NLDပါတီလွှတ်တော်အမတ်၊ အရပ်ဘက်အဖွဲ့၊CDM စသည့် အလွှာစုံပါဝင်မှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးဒေသ ကြားကာ လအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဌ ဦးအောင်မျိုးလတ်ကဆိုသည်။

“ကျနော်တို့ ကြားကာလတိုင်းအစိုးရအဖွဲ့ဝင်တွေအားလုံးက မြေပြင်မှာ နိုင်ငံရေးနဲ့စစ်ရေးတာဝန်ယူ နေကြတဲ့သူတွေချည်းပါပဲ။ နယ်စပ်ဒေသတစ်နေရာရာရောက်နေတဲ့သူတွေနဲ့ တခြားနိုင်ငံတစ်ခုခု ရောက်နေတဲ့သူတွေ မပါဘူး။ဒေသတွင်း အလွှာစုံက တိုက်ပွဲဝင်နေတဲ့သူတွေချည်းပဲ”ဟု ၎င်းက MPA သို့ပြောသည်။

ယင်းသို့ ကြားကာလတိုင်းအစိုးရများ ဖွဲ့စည်းလိုက်ခြင်းသည် တိုင်းအလိုက် အုပ်ချုပ်ရေးဆိုင်ရာ လုပ် ငန်းများကို ပိုမိုစနစ်တကျဖြစ်သွားစေသည်ဟု မြင်းခြံခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထိန်းချုပ်နယ်မြေတွေထဲ အုပ်ချုပ်ရေးပိုင်း လျော့ရဲနေမှုတွေ ပိုစနစ်တကျဖြစ်သွားတယ်။အခွန် ကောက်ခံမှုတွေကအစပေါ့။ပြီးတော့ စစ်ဘေးရှောင်တွေကို ထောက်ပံ့တာတွေ၊ ဒေသတွင်း တရားဥ ပဒေစိုးမိုးရေးလုပ်ငန်းတွေမှာလည်း စနစ်တကျရှိလာမယ်။စစ်ရေးပိုင်းကိုလည်း Supporting ကောင်း ကောင်း လုပ်လာနိုင်မယ်လို့လည်း မျှော်လင့်တယ်”ဟု ၎င်းက ပြောသည်။

မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးကမူ ကြားကာလတိုင်းအစိုးရနှင့် PDF တို့ကြား အုပ်ချုပ် ရေးနှင့် စစ်ရေးပိုင်းကို အပြန်အလှန်ဝင်မစွက်ဖက်ပါက တော်လှန်ရေးအတွက် ကောင်းမွန်သည့် အ ရွေ့တစ်ခုဖြစ်လာမည်ဟု သုံးသပ်သည်။

“အဓိကက ကိုယ့်စည်းနဲ့ ကိုယ့်နေရာမှာ ကိုယ်နေပြီး ကိုယ့်အလုပ်ကိုယ် ပီပြင်အောင် လုပ်ကြဖို့ပဲ အ ရေးကြီးပါတယ်။ကိုယ့်အလုပ် ကိုယ့်စည်း ကိုယ်သိပြီး အပြန်အလှန်လေးစားမှုရှိတယ်ဆိုရင် ရှေ့ကို ရောက်မှာပဲ။ ငါတို့က သေနတ်ကိုင်ပြီးအသက်ပေးတိုက်နေတယ်။အဲဒါကြောင့် ငါတို့က ပိုပြီးစွန့်လွှတ် အနစ်နာခံနေသူတွေဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ အတွေးအခေါ်မျိုး မရှိဖို့ သိပ်အရေးကြီးတယ်”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ၂၆ရက်ကလည်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ကြားကာလမကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်ခဲ့သည်။

ကြားကာလမန္တလေးတိုင်းဝန်ကြီးချုပ်(မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဥက္ကဌ)ဦးမြင့် အောင်မိုးမှာ NLDပါတီ ၂၀၁၅နှင့် ၂၀၂၀ရွေးကောက်ခံ မန္တလေးတိုင်း လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ကြားကာလမန္တလေးတိုင်းဒုဝန်ကြီးချုပ် ဦးအောင်မျိုးလတ်သည်လည်း NLDပါတီ၂၀၁၅နှင့် ၂၀၂၀ရွေးကောက် ခံ မန္တလေးတိုင်း အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်သည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးမှာ NLDပါတီ ၂၀၁၅နှင့် ၂၀၂၀ရွေးကောက်ခံ စစ်ကိုင်းတိုင်း အမတ်ဖြစ်ပြီး ဒုဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်းမှာ CDM ဝန်ထမ်းဖြစ်သည်။