ပြည်သူ့ပါတီ နိုင်ငံရေးဘဲဥကွဲသော်လည်း PPP အရှုံးပင်လယ်ဝေဆဲ

ဓာတ်ပုံ-လူမှုကွန်ရက်

တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်တွင် ရှားရှားပါးပါး ပြည်သူ့ပါတီ အမတ်လောင်းတစ်ဦး အနိုင်ရခဲ့ သဖြင့် နိုင်ငံရေးဘဲဥကွဲပြီဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ဆိုသည်။

၂၀၂၀ရွေးကောက်ပွဲတွင် နိုင်ငံရေးကိုယ်စားပြုခွင့် တစ်နေရာပင် အနိုင်မရခဲ့သော ကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီသည် ယခု တရားမဝင်ရွေးကောက်ပွဲ၌ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်တွင် ပြည်သူ့ပါတီအမတ်လောင်း ဒေါ်စန်းစန်းသွယ်က မဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

“မြို့နယ်ပေါင်း ၁၀၂မြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲလုပ်တယ်။ဒီနေ့(ဒီဇင်ဘာ၃၀ရက်)အထိ သတင်းတွေအရ ကိုကိုကြီးပါတီက တစ်ယောက်နိုင်တယ်။သက်သက်ခိုင်ပါတီ(ပြည်သူ့ရှေ့ဆောင်ပါတီ-PPP)က တစ်နေရာမှ မနိုင်သေးဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုကိုကြီးကတော့ နိုင်ငံရေးဘဲဥကွဲသွားတာ ပေါ့”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်က MPAသို့ပြောသည်။

ကိုကိုကြီးနှင့် သက်သက်ခိုင်တို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်များကို တစ်ခွန်းမျှပင် ဝေဖန်ခြင်း မရှိသော်လည်း တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများအပေါ် လက်ညှိုးငေါက်ငေါက်ထိုးခဲ့သည်။

နွေဦးတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က စစ်ကော်မရှင်ရွေးကောက်ပွဲသည် ရွေးကောက်ပွဲမဟုတ်ဘဲ တိုက်ရာပါပစ္စည်းများကို ဝေစုခွဲသည့်ပွဲဟု Burma VJ နှင့်တွေ့ဆုံခန်း၌ ပြောကြားခဲ့သည်။

ပြည်သူ့ပါတီဝင် ဦးစန်းရွှေကမူ “မဲမထည့်ဖို့ လှုံ့ဆော်သူများကြောင့် ပြည်ခိုင်ဖြိုးပါတီက အနည်း ဆုံး ၅နှစ် အုပ်ချုပ်ခွင့်ရမှာ သေချာသလောက် ဖြစ်နေပါပြီ”ဟု ဒီဇင်ဘာ၂၇ရက်ညတွင် ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။

တရားမဝင်ရွေးကောက်ပွဲဝင်သည့် ဒီမိုကရေစီအယောင်ဆောင်ပါတီများသည် မဲရှုံးလျှင် နိုင်ငံရေး သိ က္ခာဆယ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများကြောင့်ဟု လက်ညှိုးထိုးရန် ကြိုတင်ပြင် ဆင် ထား ပြီးဖြစ်ကြောင်း မဲဆောက်အခြေစိုက် NLDအမတ်တစ်ဦးက ဆိုသည်။

“NLD မပါရင် နည်းနည်းပါးပါး နိုင်မလားပေါ့။ နည်းနည်းပါးပါးတောင် မနိုင်တော့လည်း တော်လှန် ရေးအင်အားစုတွေက ပြည်သူကို မဲမပေးဖို့ လှုံ့ဆော်လို့ပေါ့။တော်လှန်ရေးအင်အားစုကို အပြစ်ဖို့ လက်ညှိုးထိုးတဲ့နည်းနဲ့ သူတို့ကိုယ်သူတို့ တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

ကနဦးမဲရလဒ်များကို ထုတ်ပြန်ပေးနေသော Data for Myanmar ၏ ဒီဇင်ဘာ၃၀ရက်ညအထိ စာ ရင်းအရ မြိတ်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်နေရာတည်းသာ ပြည်သူ့ပါတီက အနိုင်ရ ထားပြီး ပြည်သူ့ရှေ့ဆောင်ပါတီမှာမူ တစ်နေရာမျှ အနိုင်မရသေးပေ။

သို့သော်၊ပြည်သူ့ပါတီ၏ အနိုင်ရတစ်နေရာနှင့်ပတ်သက်ပြီး ကြံ့ဖွံ့ပါတီက ကန့်ကွက်ထားကြောင်း ဒေသတွင်း နိုင်ငံရေးပါတီများနှင့် နီးစပ်သူ မော်လမြိုင်မြို့ခံက ဆိုသည်။

“ကြံ့ဖွံ့က အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး(ဒုဗိုလ်ချုပ်ကြီး-ငြိမ်း လင်းအောင်)က ရှုံးတာ။ မင်းအောင်လှိုင်က စစ်တပ်ကရာထူးကြီးတဲ့သူတွေကို ပင်စင်ယူခိုင်းပြီး ရွေးကောက်ပွဲဝင်ခိုင်းတယ်ဆိုတာ ရွေးကောက်ပွဲ ပြီးရင် ရာထူးကြီးတစ်နေရာပေးဖို့ လျာထားပြီးသားဆိုတာ နိုင်ငံရေးနဲ့မဝေးတဲ့လူတိုင်း သိတယ်။ပြော ရရင် နိုင်ကိုနိုင်ရမယ့်သူက ခွက်ခွက်လန်ရှုံးတယ်ဆိုတော့ မနိုင်နိုင်အောင် ရွေးကော်ကို ချက်ချင်းတိုင် လိုက်တဲ့သဘောလို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

မြိတ်မြို့နယ်၊ပသောင်းကျေးရွာအုပ်စု၊ပသောင်းမဲရုံတွင် မဲစာရင်းစစ်ဆေးပေးသည့်ဆရာမက မဲလာ ထည့်သူ၂ဦးအား ပြည်သူ့ပါတီကို မဲပေးရန် လက်ညှိုးထိုးညွန်ပြခဲ့သည်ဟုဆိုကာ မြိတ်မြို့နယ်ကြံ့ဖွံ့ ပါတီက ရွေးကော်သို့ တိုင်ကြားထားသည်။

ပြည်သူ့ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့သည် ၂၀၂၀ရွေးကောက်ပွဲတွင် အမတ်တစ်နေရာမျှပင် အနိုင်မရခဲ့ပေ။