တောင်ဒဂုံတွင် မဲမပေးသူများအား စစ်မှုထမ်းရန် ခြိမ်းခြောက်မှုများရှိ

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) ပြီးဆုံးသွားသော်လည်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကဲ့သို့သော မြို့နယ်များတွင် မဲမပေးသူများကို စစ်မှုထမ်းထဲသို့ အတင်းအဓမ္မ ထည့်သွင်းမည်ဟူသော ခြိမ်းခြောက်မှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်။

တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မဲစာရင်း၌ အမည်ပါရှိပြီး မဲလာမပေးသူများကို ဖမ်းဆီးခြင်း သို့မဟုတ် စစ်မှုထမ်းရန် စာရင်းသွင်းခြင်းများ ပြုလုပ်မည်ဟု စစ်တပ်၏ လက်ဝေခံ ပျူစောထီးများက ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အပိုင်း (၁) ရွေးကောက်ပွဲတွင် အဆိုပါ မြို့နယ်က မဲပေးသူအရေအတွက် နည်းပါးခဲ့ပြီးနောက် ခြိမ်းခြောက်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။

“ကျွန်မကတော့ ပြီးခဲ့တဲ့ရက်က မဲပေးလိုက်ရပါတယ်။ အဓိကက စစ်တပ်အစွယ်အပွားတွေက ရပ်ကွက်ထဲမှာ ခြိမ်းခြောက်တာတွေ၊ စောင့်ကြည့်တာတွေ လုပ်နေတာ။ ကျွန်မတို့လည်း မပေးဘဲ မနေရဲဘူး။ တစ်ခုခုဖြစ်ရင် နီးရာဓား ကြောက်နေရတာပါ” ဟု တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ မဲမပေး၍ ဖမ်းဆီးခံရသည့် သတင်းများကို အတည်မပြုနိုင်သေးသော်လည်း ခြိမ်းခြောက်မှုမှာမူ လက်တွေ့ဖြစ်ပျက်နေကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။

“လက်ရှိတော့ ဖမ်းဆီးခံရတာတွေတော့ မကြားရ၊ မမြင်ရသေးပါဘူး။ ဒါပေမဲ့ အဲဒီလို ခြိမ်းခြောက်တာကတော့ တကယ်ပါ။” ဟု တောင်ဒဂုံမြို့နယ်ရှိ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲပေးနိုင်သူ ၁၁ သန်းကျော်ရှိသည့်အနက် ၆ သန်းကျော် လာရောက်မဲပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ အောင်မြင်မှုသည် အစိုးရ၏ အောင်ပွဲမဟုတ်ဘဲ ပြည်သူလူထုနှင့် နိုင်ငံတော်၏ အောင်ပွဲဖြစ်ကြောင်း ၎င်းက သတင်းထုတ်ပြန်အသိပေးထားသည်။

သို့သော် မြေပြင်တွင်မူ ပြည်သူများမှာ မိမိတို့၏ ဆန္ဒအလျောက် မဲပေးခြင်းထက် စစ်မှုထမ်းရမည်ကို ကြောက်ရွံ့ခြင်းနှင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့်သာ မဲရုံများသို့ သွားရောက်ခဲ့ကြရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ဒုတိယအဆင့်နှင့် တတိယအဆင့်များကို ဇန်နဝါရီလအတွင်း ဆက်လက်ကျင်းပရန် ကျန်ရှိနေသေးသဖြင့် အခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ ဖိအားပေး ခြိမ်းခြောက်မှုများ ရှိလာမည်ကို ပြည်သူများက စိုးရိမ်လျက်ရှိသည်။