စစ်အာဏာရှင် သက်ဆိုးရှည်အောင် ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအချို့ အားပေးနေဟုဆို

ဓာတ်ပုံ - NUG

ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ နိုင်ငံရေးသဘောထားများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် အားပေးနေကြောင်း NUGအစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၂၀၂၆ ခုနှစ်အစ ယနေ့ (ဇန်နဝါရီ တစ်ရက်) တွင် ပြောကြားသည့် ဒူဝါလရှီးလ၏ နှစ်သစ်ကူးမိန့်ခွန်း၌ ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် စစ်ရေးကဏ္ဍမှာ ရုရှားနဲ့အိမ်နီးချင်းနိုင်ငံအချို့ရဲ့ နိုင်ငံရေးသဘောထားတွေဟာ ကျနော်တို့ နိုင်ငံမှာ စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးလုပ်ဆောင်သလို ဖြစ်နေတာ တွေ့ရ ပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီတွေပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပေးနေခြင်းကြောင့် ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေအချို့ ပြန်လည် လက်လွှတ်ခဲ့ရတာ တွေ လည်းရှိပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထို့အပြင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသည်လည်း ပထဝီဝင်နိုင်ငံရေး အကန့်အ သတ်များကြားမှ အိမ်နီးချင်းနိုင်ငံကြီးများ၏ အတင်းအကျပ်ဖိအားပေးမှုများကြောင့် အပစ်အခတ် ရပ်စဲခဲ့ကြရသဖြင့် စစ်ကော်မရှင်ကို စစ်ရေးဖိအားပေးနေရသည်များလည်း အားလျော့ခဲ့ကြောင်း ၎င်းကဆိုသည်။

“အခုဆိုရင် အကြမ်းဖက်စစ်ကော်မရှင် အနေနဲ့ သေလုမြောပါးအခြေအနေကနေ စစ်ရေးအရ အသက်ရှုချောင်လည်လာတာကို တွေ့မြင်ရပါတယ်။ ကျနော်တို့အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်တိုက်ဖျက်ရေးကို တစ်ခါတည်း အပြီးအပြတ်လုပ်ဆောင်နိုင်မှ ပြည်သူ့ဒုက္ခတွေ အပြီး ချုပ်ငြိမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည်လေလေ ပြည်သူဟာ ဒုက္ခနွံထဲနစ်လေလေ ဖြစ်ကြောင်း သတိချပ်ကြဖို့ လိုပါတယ်”ဟု ၎င်းကဆက်လက် ပြောသည်။

စစ်ကော်မရှင်ကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ကူညီနေသည့် အိမ်နီးချင်းနိုင်ငံအချို့ကိုလည်း စစ်အာဏာရှင် သက်ဆိုးရှည်စေရန် အားပေးခြင်းမျိုး မပြုလုပ်ကြရန် တိုက်တွန်းထားသေးသည်။

“ယာယီသမ္မတပြောတဲ့ အိမ်နီးချင်းနိုင်ငံတချို့ဆိုတာ အားလုံးသိကြပြီးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယပေါ့။ တရုတ်ကတော့ မြန်မာ့ ပြည်တွင်းရေးကို ဗြောင်ပဲ ဝင်စွက်ဖက်တယ်။နိုင်ငံကြီးတစ်နိုင်ငံရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်တွေနဲ့ မြန်မာပြည်သူတွေကို စော်ကားနေတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦး က MPAသို့ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပါဝါအားပြိုင်ရာ ပထဝီအခင်းအကျင်း၏ ဒဏ်ကို ခံစားနေရကြောင်း ၊ အထူးသဖြင့် ပထဝီ နိုင်ငံရေးအကန့်အသတ်များသည် မြန်မာနိုင်ငံအတွင်း ညီညွတ်သော တော်လှန်ရေးအင်အားစုကြီး မပေါ်ထွက်အောင် အဓိက တားဆီးနေကြောင်းနှင့် ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်လည်း နိုင်ငံကြီးများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားအထိုင် စဉ်းစားချက်များက နွေဦးတော်လှန်ရေး၏ စုစည်းညီညွတ်မှုအား ကြိုးကိုင်ချယ်လှယ်နေသည်ကို တွေ့ရကြောင်း ဒီဇင်ဘာ ၈ ရက်နေ့၊ ယာယီသမ္မတမိန့်ခွန်း၌ ပြောကြားခဲ့သေးသည်။