အတုအယောင်ရွေးကောက်ပွဲကာလအတွင်း သံတွဲကို စစ်တပ် သုံးကြိမ်ဗုံးကြဲမှု ရှစ်ဦးသေပြီး ၁၈ ဦးဒဏ်ရာရ

ဓာတ်ပုံ-AA
ပုံစာ- ဒီဇင်ဘာ ၃၁ရက် သံတွဲမြို့ကို စစ်တပ် ဗုံးကြဲပြီးနောက် တွေ့မြင်ရမှု

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကာလတွင် အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်တောင်ပိုင်း၊ သံတွဲမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်)၊ ည ၇ နာရီခွဲခန့်တွင် သံတွဲ မြို့အမှတ် (၁ ) ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံသုံးဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ရာတွင် အရပ်သားပြည်သူများ ဒဏ်ရာရရှိခဲ့ကြသည့်အပြင် လူနေအိမ်အချို့ပါ မီးလောင်ပြာကျခဲ့ရသည်ဟု လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။

“လူတွေကတော့ ကြီးကြီးမားမား ဒဏ်ရာရတာမရှိဘူး။ အသေးစားဒဏ်ရာအနည်းငယ်ရသွားကြတာ သုံးယောက်ရှိတယ်။ အဲဒီဒဏ်ရာရသူတွေရဲ့ အသေးစိပ်အချက်အလက်တော့မရသေးပါဘူး။ အိမ်ကတော့ လေးလုံး မီးလောင်သွားတယ်။ နောက်တချို့နေအိမ်တွေ သွပ်ခေါင်မိုးပျက်စီးတာတွေလည်းရှိတယ်။” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရရှိသွားကြသူများ၏ အသေးစိပ်အချက်အလက်များနှင့် နေအိမ်မီးလောင်ဆုံးရှုံးလိုက်ရသည့် မိသားစုဝင်များ၏ နစ်နာမှုများကို လတ်တလောတွင်မသိရသေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီခန့်ကလည်း သံတွဲခရိုင်၊ ငပလီမြို့ လင်းသာရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသူများမှာ နွယ်နွယ်မျိုး၊ တင်မြင့်၊ သုံးပုံ၊ ဝင်းဝင်းရွှီ၊ အငယ်၊ စိုး‌ကျော်ဝင်းနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ မောင်ထွန်းထွန်းဝင်း(၁၃ နှစ်)၊ ကိုကျော်ဝင်းနိုင်(၂၀ နှစ်)၊ ဦးဝင်းနိုင်(၅၆ နှစ်)၊ ဦးမောင်မောင်နိုင်(၃၁ နှစ်)၊ ဦးမောင်ငို(၃၅ နှစ်) ၊ ဦးသိန်းထွန်းဦး(၄၈ နှစ်)၊ဦးကိုလင်း(၄၈ နှစ်)၊ ဦးဖိုးဝင်း(၇၃ နှစ်)၊ ကိုအေးမင်းထွန်း(၂၆ နှစ်)၊ဦးမောင်သာဖြူ (၄၆ နှစ်)၊ ဒေါ်ဝင်းဝင်းဇော်(၃၁ နှစ်)၊မနွယ်နွယ်ဦး (၂၃ နှစ်)၊ ဒေါ်ပပလင်း (၄၈ နှစ်)၊ ဒေါ်ပုံချီ (၆၃ နှစ်နှင့်ဒေါ်မတင်(၈၁ နှစ်)တို့ဖြစ်‌ကြောင်း AA ထုတ်ပြန်ချက်အရသိရသည်။

ယင်း‌လေကြောင်းတိုက်ခိုက်မှုအတွင်း လူနေအိမ်၁၂လုံးထက်မနည်း ပြိုကျပျက်ဆီးသွားခဲ့သည်ဟု ဒေသခံများကဆိုသည်။

အလားတူ ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်နေ့ကလည်း သံတွဲမြို့နယ်၊ ရည်ရှည်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုရှိနေသည့်အတွက် သံတွဲနှင့်ငပလီမြို့ခံများအပါအဝင် အနီဝန်းကျင်မှ ဒေသခံပြည်သူအများအပြား စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်‌နေကြရသည်။

ဆောင်းတွင်းကာလဖြစ်‌သောကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များနှင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများအတွက် စောင်၊ ခြင်ထောင်၊ အနွေးထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ရခိုင်‌‌ဒေသမှ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူနေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်၊ သာသနိကအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။