ဘုတလင်မြို့မှ ပြန်ခေါက်လာသည့်စစ်ကြောင်း ဖြတ်တိုက်ခံရပြီး အထိနာ

ဓာတ်ပုံ-ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း
ပုံစာ- တိုက်ပွဲဝင် PDFရဲဘော်များ။(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့မှ ပြန်လာသောစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ အထိနာခဲ့ကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီတစ်ရက်)နံနက် ၉နာရီခန့်တွင် ဘုတလင်မြို့တွင်းမှ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ပြန်လာသော အင်အား၈၀ခန့်ပါ စစ်ကြောင်းကို ဘုတလင်မြို့နယ်၊ဆုံကုန်းရွာအနီး၌ တော်လှန်ရေးပူးပေါင်းတပ်တို့ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ၂နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ခွေးဘက်က ကျဆုံးမှုများရှိလို့ နမခ အတွင်းကနေ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တယ်”ဟု ၎င်းက MPAသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဘုတလင်မြို့နှင့် ၁၀မိုင်ခန့်ဝေးပြီး မုံရွာနမခနှင့် ၁၁မိုင်ခန့်ဝေးကြောင်း သိရသည်။

“အဲဒီစစ်ကြောင်းက ဘုတလင်မြို့ကနေ ပြန်ခေါက်လာတဲ့ စစ်ကြောင်း။အခုဘုတလင်မြို့ထဲမှာ စစ် သားအင်အားဖြည့်ထားတာ ၂၀၀ ဝန်းကျင်လောက်ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ်ဒရုန်းနှင့် ပါရာမော်တာတို့ ဝဲနေခြင်းနှင့် ခဲယမ်း မလုံလောက်ခြင်း သည် တော်လှန်ရေးအင်အားစုများအတွက် အဓိကအခက်အခဲဖြစ်သော်လည်း ဒေသတွင်း တိုက်ခိုက် ရေးအဖွဲ့ အစုံအလင်ပါဝင်ဆင်နွှဲခြင်းကြောင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိကာ တော်လှန်ရေးရဲဘော်တစ်ဦးမျှ ထိခိုက်မှုမရှိကြောင်း သိရသည်။

“အခု ဘုတလင်မြို့ကို ဝိုင်းထားတဲ့ တိုက်ခိုက်ရေးအင်အားစုတွေ ပြန်ဆုတ်လာကြပြီ။မုံရွာ-ဘုတလင် လမ်းပေါ်မှာ စစ်တပ်ပွိုင့်တွေ ရှိနေတယ်။မုံရွာမြို့နဲ့ ၅မိုင်လောက်အကွာမှာ တစ်ပွိုင့်၊ ဘုတလင်နဲ့ ၁၀ မိုင်လောက်အကွာမှာ တစ်ပွိုင့်နဲ့ ၁၅မိုင်လောက်မှာ တစ်ပွိုင့်ရှိနေတယ်”ဟု ၎င်းက ပြောသည်။

ယနေ့နံနက်ပိုင်းက ဆုံကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ငြိမ်သက်နေသော်လည်း တိုက်ခိုက်ခံရ သည့်စစ်ကြောင်း ဆက်လက်ရှိနေသေးသောကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ဒီဇင်ဘာ၂၈ရက်တွင် ဘုတလင်မြို့တွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ယာယီထိန်းချုပ်ခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သား၁၅ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ၁၁ရက်တွင် ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ အပိုင်း၂ ၌ ဘုတလင်မြို့နယ်လည်း ပါဝင်သည်။