သမီးဖြစ်သူကို ရည်းစားဟောင်းအမည်ပေးထားသည့် ထိုင်းအမျိုးသား ဇနီးဖြစ်သူနှင့် ပြဿနာတက်

ထိုင်းအမျိုးသားတစ်ဦးသည် ၎င်း၏သမီးဖြစ်သူကို ယခင်ရည်းစားဟောင်း၏ အမည်အတိုင်း ပေးထားခဲ့သည့်ကိစ္စ ပေါ်ပေါက်လာပြီးနောက် ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးပြဿနာ တက်နေကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Khaosod English က ဖော်ပြထားသည်။

အဆိုပါအမျိုးသမီးသည် Facebook ပေါ်ရှိ အခမဲ့ဥပဒေအကြံပေးအဖွဲ့တစ်ခုတွင် သူမ၏အခြေအနေကို ရင်ဖွင့်တောင်းခံခဲ့ခြင်းဖြစ်သည်။ သူမ၏ ခင်ပွန်းဖြစ်သူသည် အိမ်ထောင်မကျမီက (၇) နှစ်ကြာ လက်တွဲခဲ့သည့် ရည်းစားဟောင်းတစ်ဦးရှိခဲ့ပြီး၊ သမီးဖြစ်သူကို အဆိုပါရည်းစားဟောင်း၏ အမည်အတိုင်း တရားဝင်အမည်နှင့် အိမ်အမည် (Nickname) ပါ ပေးထားခဲ့ခြင်း ဖြစ်သည်။

ဇနီးဖြစ်သူသည် သမီးဖြစ်သူ အသက် (၄) နှစ်အရွယ် ရောက်သည့်တိုင်အောင် အဆိုပါလျှို့ဝှက်ချက်ကို မသိရှိခဲ့ဘဲ အချိန်ကြာမှ သိရှိခဲ့ရခြင်း ဖြစ်သည်။ ခင်ပွန်းဖြစ်သူသည် ၎င်း၏ရည်းစားဟောင်းအပေါ် ယနေ့တိုင် စိတ်မပြတ်သေးဘဲ သံယောဇဉ်ရှိနေဆဲဖြစ်သည်ဟု ၎င်းက ယူဆနေပြီး ဤဖြစ်ရပ်ကြောင့် အကြီးအကျယ် စိတ်ထိခိုက်ခဲ့ရသည်ဟု Khaosod English တွင် ဖော်ပြထားသည်။

ထို့အပြင် ခင်ပွန်းဖြစ်သူ၏ သူငယ်ချင်းဖြစ်သူက “ခင်ပွန်းဖြစ်သူသည် အဆိုပါရည်းစားဟောင်းကို အလွန်ချစ်မြတ်နိုးခဲ့သဖြင့် ၎င်း၏မျိုးရိုးအမည်ကိုပင် ပေးချင်ခဲ့ကြောင်း၊ သို့သော် အချစ်ရေး အဆင်မပြေဖြစ်သွားသည့်အခါတွင် ၎င်း၏မျိုးရိုးအမည်နှင့် ထိုအမျိုးသမီး၏ အမည်ကို တွဲလျက်မြင်ချင်သည့် ဆန္ဒဖြင့် သမီးဖြစ်သူကို ထိုအမည် ပေးလိုက်ခြင်းဖြစ်ကြောင်း” ဖွင့်ဟပြောဆိုထားသည့် စာတိုများကိုလည်း သက်သေအဖြစ် ဖော်ပြထားသည်။

လက်ရှိတွင် ဇနီးဖြစ်သူသည် ဤကိစ္စအပေါ် လုံးဝလက်မခံနိုင်ဘဲ စိတ်မသက်မသာဖြစ်နေရသဖြင့် ၎င်း၏ခင်ပွန်းအား ကွာရှင်းရန်အထိ စဉ်းစားနေပြီး ယင်းလုပ်ရပ်သည် ဥပဒေကြောင်းအရ ကွာရှင်းရန် ခိုင်လုံသော အကြောင်းပြချက် ဖြစ်နိုင်မလားဆိုသည်ကို ဥပဒေအကြံပေးအဖွဲ့ထံ မေးမြန်းထားသည်။

ဤဖြစ်ရပ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများအကြား ဝေဖန်မှုများ မြင့်တက်နေပြီး အချို့က “မိသားစုစိတ်ချမ်းသာစေရန် ကလေး၏အမည်ကို ချက်ချင်းပြောင်းလဲသင့်ကြောင်း” အကြံပြုကြပြီး၊ အချို့မှာမူ “ခင်ပွန်းဖြစ်သူသည် တာဝန်ကျေသည့် ဖခင်ကောင်းတစ်ဦးဖြစ်ပါက အတိတ်ကိုမေ့ပြီး လက်ရှိမိသားစုပျော်ရွှင်ရေးကိုသာ အာရုံစိုက်သင့်ကြောင်း” အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်နေကြသည်။