2 Jan 2026 By Nway / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် ၆မိုင်ခန့်အကွာရှိ မယ်ဟန်ဂိတ်ကို ကိုးကန့်တပ် MNDAA က ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
ဇန်နဝါရီတစ်ရက်၊ နံနက်ပိုင်းမှစ၍ မယ်ဟန်ဂိတ်ကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး MNDAA တပ်များ ဆုတ်ခွာခြင်းမဟုတ်ကြောင်း သိရသည်။
” အဲဒီတစ်ကြောက MNDAA ဂိတ်တွေ ဆုတ်ပါတယ်။ အဓိက ပြည်ထောင်စုလမ်းဖွင့်ပေးဖို့လို့ ကြားသိထားပါတယ်။ လမ်းတစ်ကြော ကိုးကန့်တပ်ရော စစ်တပ်ရော ဂိတ်ချမထိုင်ဖို့ သဘောတူ ထားကြောင်း ကြားသိရပါတယ် ” ဟု ဝလူ့ငယ်အသံမှ ပြောရေးဆိုခွင့်ရှိသူက MPA ကို ပြောသည်။
ထို့ပြင် လားရှိုးမြို့နှင့် သီပေါမြို့ကြား၊ သီပေါမြို့အထွက်ရှိ ၉မိုင်လမ်းခွဲမှ MNDAA ဂိတ်ကို ပိတ်သိမ်းလိုက်ကြောင်းလည်း သိရသည်။
” ဒီဇင်ဘာ ၂၉ ရက်နေ့ စစ်တပ်နဲ့ MNDAA တွေ့ဆုံမှုမှာ သဘောတူခဲ့တဲ့ပုံစံပါ ” ဟု ၎င်းကဆက်လက်ပြောသည်။
၂၀၂၅ခု၊ နိုဝင်ဘာ ၁၄ ရက်က စတင်ပိတ်ထားခဲ့သော သီပေါတံတားကို ဇန်နဝါရီတစ်ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။
သီပေါမြို့ကို စစ်တပ်က ၂၀၂၅ခုနှစ်၊ အောက်တိုဘာက ပြန်လည်သိမ်းယူခဲ့ပြီး လားရှိုးမြို့ကိုမူ တရုတ်၏ ဖိအားပေးမှုကြောင့် ဧပြီလထဲတွင် MNDAA က စစ်တပ်လက်သို့ ပြန်လည်ထိုးအပ် ခဲ့ရသည်။
စာတည်း-ML
