၂၀၂၅ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက်ထောင်နီးပါးသေဆုံးပြီး မြို့နယ် ၃၇မြို့နယ်ကို တော်လှန်ရေးတပ်များ အပြည့်အ၀စိုးမိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ နှစ်ချုပ်စစ်ရေးဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာအရ လွန်ခဲ့သော တစ်နှစ်တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကော်မရှင်တပ်အား အပြင်းအထန် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ရေးအရ ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲပေါင်း ၇,၁၃၉ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ဘက်မှ အင်အားပြုန်းတီးမှု အလွန်မြင့်မားခဲ့ကြောင်းသိရသည်။

စာရင်းဇယားများအရ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅,၆၉၉ ဦး (ခြောက်ထောင်နီးပါး) သေဆုံးခဲ့ပြီး၊ ၂,၇၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၊ ၁,၁၂၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် စုစုပေါင်း ရန်သူ့အင်အားပြုန်းတီးမှုမှာ ၉,၅၄၉ ဦးအထိ ရှိခဲ့ပြီး ၎င်းသည် စစ်ကော်မရှင်၏ စုဖွဲ့မှုယန္တရားကို အကြီးအကျယ် ချည့်နဲ့သွားစေခဲ့ကြောင်း စစ်ရေးလေ့လာသူများကဆိုသည်။

“စစ်တပ်က လစဉ် စစ်မှုထမ်းတပ်သားသစ် ငါးထောင်အတင်းအဓမ္မခေါ်ယူနေတာနဲ့ယှဉ်ရင်တော့ နည်းတယ်လို့ထင်ရပေမဲ့ စစ်တပ်အင်အား ပြုန်းတီးသွားတာတော့အမှန်တရားပါပဲ၊ ကျတော်တို့တွေ ရှေ့ဆက်ပြီး ထိုးစစ်တွေအရှိန်မြှင့်နိုင်ရင် မဝေးတဲ့အနာဂတ်မှာ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဆက်လှမ်းနိုင်မှာပါ” ဟု အညာဒေသမှ နိုင်ငံရေးမှူးတစ်ဦးက MPA သို့ပြောသည်။

ထို့ပြင် MOD ထုတ်ပြန်ချက်၌ ၂၀၂၅ ခုနှစ်ကုန်အထိ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို တော်လှန်ရေးအင်အားစုများက အပြည့်အဝ သိမ်းပိုက်စိုးမိုးနိုင်ခဲ့သည့်အပြင် နောက်ထပ် မြို့နယ် ၄၁ မြို့နယ်ကိုလည်း ဆက်လက်ဝိုင်းပတ် ပိတ်ဆို့ထားနိုင်ဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

အထူးသဖြင့် ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကဲ့သို့ ဗျူဟာကျသည့် မြို့များကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းသည် တော်လှန်ရေး၏ စစ်ရေးစွမ်းရည် တိုးတက်လာမှုကို သက်သေပြနေခြင်း ဖြစ်ပြီး ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နှင့် တနင်္သာရီဒေသရှိ အဓိကနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို စိုးမိုးထားနိုင်သည့်အတွက် စစ်ကော်မရှင်၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရားများစွာ ရပ်ဆိုင်းသွားခဲ့ရကြောင်း NUG ကဆိုသည်။

“အခုဖြစ်နေတဲ့ အခြေအနေကတော့ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးရော စီးပွားရေးပါ တော်တော်လေးကို ပြိုလဲနေပြီလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့အတွက် အသက်သွေးကြောဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ မြို့နယ်အများအပြားကို လက်လွှတ်လိုက်ရပြီလေ။ ဒီလိုဖြစ်သွားတဲ့အတွက် သူတို့ဆီကို စီးဆင်းနေတဲ့ ဘဏ္ဍာငွေတွေလည်း ပြတ်တောက်သွားသလို၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အာဏာစက်ကလည်း မရှိသလောက် ဖြစ်သွားပြီ။ အရင်ကတော့ တစ်နိုင်ငံလုံးကို အစိုးရအနေနဲ့ အုပ်ချုပ်နိုင်တယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အခုတော့ ကိုယ့်တပ်ရင်းကိုယ် ကာကွယ်ရတဲ့ ‘ဒေသခံကာကွယ်ရေးတပ်’ အဆင့်လောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုမျိုး အခြေအနေတွေကပဲ စစ်ကော်မရှင်ရဲ့ ထောက်တိုင်တွေကို အတွင်းပိုင်းကနေ တဖြည်းဖြည်းနဲ့ အမြစ်ပြတ်ပြိုကွဲသွားအောင် တွန်းပို့နေတာ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

ဆက်လက်ပြီး NUG အနေဖြင့် PDF တပ်ရင်းပေါင်း ၂၆၀ ကို Unified Command အောက်တွင် စနစ်တကျ စုဖွဲ့နိုင်ခဲ့ပြီး၊ မြို့သိမ်းတိုက်ပွဲများတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် လက်နက်ခဲယမ်းများကိုလည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း၌ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ (NDS) နှင့်အညီ ဒေသအလိုက် လွတ်မြောက်မှုမှသည် တစ်ပြည်လုံး လွတ်မြောက်သည်အထိ မဟာဗျူဟာမြောက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု အစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။

၂၀၂၅ ခုနှစ်အတွင်း PDF တပ်ဖွဲ့များသည် အဖွဲ့ငယ်များဖြင့် ခြုံခိုတိုက်ခိုက်သည့် ပြောက်ကျားစစ်အဆင့်မှသည် မြို့ကြီးများကို အပိုင်စီးနင်းပြီး နယ်မြေများကို ရေရှည်ထိန်းချုပ်နိုင်သည့် “ပုံမှန်စစ်ဆင်ရေး” အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံလေ့လာနေသူတစ်ဦးက ဆိုသည်။

“ဒီအချက်က တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေး စွမ်းရည်နဲ့ ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာလာတာကို ပြသနေတာဖြစ်တဲ့အတွက် ဒီနှစ်မှာတော့ ပိုပြင်းထန်တဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲလာနိုင်မယ့် အလားအလာတွေရှိတယ်လို့ သုံးသပ်ရတယ်” ဟု ၎င်းက ပြောသည်။

NUG နှင့် တော်လှန်ရေးအင်အားစု အသီးသီး၏ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ်သည် တော်လှန်ရေးအတွက် အလှည့်အပြောင်းကြီး ဖြစ်လာနိုင်ပြီး စုစည်းညီညွတ်သည့် မဟာဗျူဟာမြောက် ထိုးစစ်များနှင့် အင်အားစုများအကြား အပြန်အလှန် လေးစားမှုရှိသော ပူးပေါင်းဆောင်ရွက်မှုများကသာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် အဓိကသော့ချက် ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြထားသည်။

စာတည်း-ကိုဆန်း