လိုင်းကြေးအရှာကြမ်းသည့် မွန်ဝန်ကြီးချုပ် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်ခွင့်ပြု

တရားမဝင် ရွေးကောက်ပွဲအပိုင်းတစ်ပြီးသည်နှင့် မွန်ဝန်ကြီးချုပ်နှင့် အပေါင်းအပါတို့ လိုင်းကြေးငွေ ရရှိရန်အတွက် လောင်းကစားဝိုင်းများကို ပြန်လည်ဖွင့်ခွင့်ပြုတော့ကြောင်း သိရသည်။

တရားမဝင်ရွေးကောက်ပွဲမတိုင်မီ ဒီဇင်ဘာ၂၅ရက်မှ စတင်ကာ မော်လမြိုင်၊ချောင်းဆုံနှင့် ကျိုက်မ ရောမြို့နယ်အတွင်းရှိ တရားဝင်ဖွင့်ခွင့်ပြုထားသော လောင်းကစားဝိုင်းများကို ရပ်နားခဲ့ပြီး ဒီဇင်ဘာ၂၉ရက်မှ စတင်ကာ ပြန်လည်ဖွင့်ခွင့်ပြုခြင်းဖြစ်သည်။

“မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်ဖွင့်တယ်။ချောင်းဆုံမှာဆိုရင် ၂၉ရက်ကစပြီးကမာမိုရွာမှာ ပွဲ သွင်းပြီး လောင်းကစားဝိုင်းထည့်တယ်။မော်လမြိုင်မြို့ပေါ်လည်း ၂၉ရက်ကတည်းက ပြန်စတယ်။ ကျိုက်မရောတို့ သေချာမသိသေးဘူး”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ ပြောသည်။

ပေါင်မြို့နယ်တွင်မူ ဒီဇင်ဘာ၂၅ရက်မှစတင်ကာ ဇာတ်ပွဲကျင်းပခွင့်ပါမစ်များ မပေးတော့သော်လည်း သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးတို့၏ ခွင့်ပြုချက်ဖြင့် ပေါင်မြို့နယ်အတွင်းရှိ နေရာ၃နေရာထက် မနည်း၌ ဇာတ်ပွဲမပါဘဲ လောင်းကစားဝိုင်းသီးသန့် ဖွင့်ခဲ့ကြောင်း ပေါင်မြို့နယ်သတင်းများ ဖော်ပြနေ သည့် ဝရဇိန်သတင်းအေဂျင်စီက ဖော်ပြသည်။

“အောင်ကြည်သိန်း(မွန်ဝန်ကြီးချုပ်)ဆိုတာက ပြည်သူတွေ ဘာဖြစ်ဖြစ် ငါပိုက်ဆံရ ပြီးရောဆိုတဲ့ ဘနဖူးသိုက်တူးတဲ့ကောင်လေ။ဒီလိုကောင်မျိုးက ရွေးကောက်ပွဲပြီးရင် ဝန်ကြီးချုပ်ဆက်ဖြစ်ဦးမယ် ဆိုတော့ ကိုယ့်ဒေသ ဒုက္ခဆက်ရောက်ဖို့ပဲ ရှိတာပေါ့”ဟု ချောင်းဆုံမြို့နယ်၊ကလွီရွာသားတစ်ဦးက ပြောသည်။

အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာသားဖြစ်ပြီး ၂၀၂၂ခုနှစ်ကုန်ပိုင်းမှစတင်ကာ ချောင်းဆုံမြို့နယ်အတွင်း ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းခြင်းကို စတင်ခွင့်ပြုခဲ့ကာ ဒေသခံ တို့၏ ယဉ်ကျေးမှုအလှနှင့်စီးပွားရေးဘဝအား ဖျက်ဆီးခဲ့သည်။

ယင်းသို့ ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းခြင်းသည် ၂၀၂၄ခုနှစ် ပွင့်လင်းရာသီမှစတင်ကာ မော်လမြိုင်မြို့ပေါ်သို့ ရောက်ရှိခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများမှာ အနီထောင်၊ဂလုတ်ဂလုတ်၊ဖဲနှင့် အရုပ်လှည့်ခြင်း တို့ဖြစ်ပြီး လောင်းကစားဝိုင်းပြုလုပ်သည့် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ မွန်ပြည်နယ်အ စိုးရအဖွဲ့ထိ အဆင့်ဆင့် လိုင်းကြေးရယူကာ ဖွင့်လှစ်ခွင့်ပြုနေခြင်းဖြစ်သည်။

စာတည်း-ML