ရုရှားအရာရှိ လုပ်ကြံခံရမှုအယောင်ဆောင်၍ ယူကရိန်းထောက်လှမ်းရေးက ရုရှားထံမှ ဆုကြေးငွေ ဒေါ်လာ ၅ သိန်း လိမ်လည်ထုတ်ယူ

The Guardian

ယူကရိန်းဘက်တော်သားအဖြစ် တိုက်ပွဲဝင်နေသည့် ရုရှားအဆင့်မြင့်အရာရှိတစ်ဦးအား သတ်ဖြတ်ရန် ရုရှားအစိုးရက ချမှတ်ထားသည့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သိန်းကို ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ (GUR) က အကွက်ကျကျ လိမ်လည်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယူကရိန်းဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် ရုရှားစေတနာ့ဝန်ထမ်းတပ်ဖွဲ့ (RVC) နှင့် တီမူအာ (Timur) အထူးတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဒန်းနစ် ကာပတ်စတင် (ခေါ်) ဒန်းနစ် နီကီတင်အား လုပ်ကြံရန် ရုရှားထောက်လှမ်းရေးအဖွဲ့များက ဒေါ်လာငါးသိန်းအထိ ဆုကြေးငွေ လျာထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုပ်ကြံမှုအန္တရာယ်မှ ကာကွယ်ရန်နှင့် ရုရှားဘက်မှ ကြံစည်သူများကို ဖော်ထုတ်နိုင်ရန်အတွက် ယူကရိန်းဘက်က ၎င်းအား သေဆုံးသွားပြီဖြစ်ကြောင်း သတင်းအမှားတစ်ခုကို အယောင်ဆောင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကာပတ်စတင်သည် စစ်မျက်နှာတွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုတစ်ခုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း GUR က သတင်းထုတ်ပြန်ခဲ့ပြီး ရုရှားဘက်မှ ထုတ်ပေးသည့် လုပ်ကြံမှုအောင်မြင်ခြင်းအတွက် ဆုကြေးငွေများကိုလည်း လိမ်လည်ထုတ်ယူနိုင်ခဲ့သည်။ သို့သော် ဇန်နဝါရီလ ၁ ရက်နေ့တွင်မူ သေဆုံးပြီဟု သတင်းထွက်ပေါ်ခဲ့သူ ကာပတ်စတင်သည် ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်နှင့်အတူ ဗီဒီယိုမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲတွင် လူကိုယ်တိုင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ကာပတ်စတင်က ပြောကြားရာတွင် ၎င်းအား သတ်ဖြတ်ရန် ရုရှားအထူးဌာနများက အမိန့်ပေးခဲ့ပြီး ငွေကြေးအမြောက်အမြား အသုံးပြုခဲ့သော်လည်း ယူကရိန်း၏ ဘက်စုံစစ်ဆင်ရေးကြောင့် ၎င်း၏အသက်ကို ကယ်တင်နိုင်ခဲ့သည့်အပြင် ကြံစည်သူများကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း ဆိုသည်။ တီမူအာတပ်ဖွဲ့ကလည်း ၎င်းတို့အနေဖြင့် ရုရှားထောက်လှမ်းရေးဌာနများက ထုတ်ပေးခဲ့သည့် လုပ်ကြံမှုရန်ပုံငွေများကို အောင်မြင်စွာ ရရှိခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ဘူဒါနော့ဗ်ကလည်း “ဒန်းနစ်ရေ… ခင်ဗျား အသက်ပြန်ရှင်လာတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ခင်ဗျားကို သတ်ဖို့ ရုရှားကပေးတဲ့ ဆုကြေးငွေတွေကို ကျွန်တော်တို့ရဲ့ တိုက်ပွဲအတွက် အသုံးချခွင့်ရတာဟာ တကယ့်ကို ဝမ်းသာစရာပါပဲ” ဟု ကာပတ်စတင်အား ပြောကြားခဲ့သည်။