စစ်အာဏာသိမ်းကာလ ၅နှစ်တာအတွင်း စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး၂၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်း ထုတ်ပြန်သည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှာ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၃၁ရက်အထိ စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၉၈၆ဦး သေဆုံးခဲ့ကြောင်း အမည်နှင့်တကွ မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းအထဲတွင် စစ် အုပ်စု ဖမ်းဆီးခံရပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခံရသူ အမျိုးသမီး ၁၇၃ဦးပါဝင်ကြောင်း သိရသည်။
“ကျမတို့ ဆွေမျိုးအရင်းထဲမှာ သန်းရွှေ စစ်အစိုးရလက်ထက်က ထောင်ထဲရောက်ခဲ့တဲ့ အမျိုးသမီး တွေရှိတယ်။အဲဒီတုန်းက ထောင်ထဲမှာ အသတ်ခံရမှာတို့ သေမှာတို့ မပူခဲ့ရဘူး။အခု ကျမတူမ နိုင်ငံ ရေးနဲ့ ထောင်ကျတော့ ထောင်ထဲမှာ ဘယ်နေ့တစ်ခုခုဖြစ်မလဲဆိုတာ အမြဲပူနေရတယ်။ဒီနေ့ခေတ် ထောင်ဆိုတာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်ကိုတောင် အာမခံချက် မပေးနိုင်ဘူးလို့ ခံစားမိ တယ်”ဟု ရန်ကုန်မြို့နေ အသက်၄၈နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက MPAသို့ပြောသည်။
အမျိုးသမီးများ သေဆုံးရခြင်းမှာ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့သတ်ဖြတ် ခံရမှု၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ပြီးနောက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ် စက်မှုနှင့် ထောင်တွင်းကျန်းမာရေးပြဿနာတို့ကြောင့်ဖြစ်ပြီး အမျိုးသမီးသေဆုံးမှု၏ ၇၅ရာခိုင်နှုန်း ခန့်မှာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတို့ကြောင့် ဖြစ်ကြောင်း AAPP ကထုတ်ပြန်သည်။
သေဆုံးအမျိုးသမီး၁၉၈၆ဦးထဲတွင် အသက်၁၈နှစ်အောက်ကလေး ၃၇၃ဦး ပါဝင်ပြီး အသက်၆၅နှစ် အထက် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။
အမျိုးသမီးများ သေဆုံးမှုမှာ စစ်ကိုင်းတိုင်းအတွင်း အများဆုံးဖြစ်ပြီး ၆၅၄ဦးရှိကြောင်း AAPPက ဆို သည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၅နှစ်ကုန်အထိ အမျိုးသမီး၆၂၂၂ဦး နိုင်ငံရေးအရ စစ်အုပ်စု ဖမ်းဆီးခြင်းခံခဲ့ရသည်။
စာတည်း-ML
