Reuters
ဆွစ်ဇာလန်နိုင်ငံ၏ အဆင့်မြင့် တောင်ပေါ်အပန်းဖြေစခန်း Crans-Montana ရှိ လူစည်ကားသော ဘားတစ်ခုတွင် နှစ်သစ်ကူးအကြိုပါတီ ကျင်းပနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄၀ ခန့် သေဆုံးပြီး ၁၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံအနောက်တောင်ပိုင်းရှိ အဆိုပါအပန်းဖြေစခန်းရှိ လူငယ်များအကြား ရေပန်းစားသော Le Constellation အမည်ရှိ ဘားတွင် ဒေသစံတော်ချိန် ဒီဇင်ဘာ ၁ ရက် နံနက် ၁ နာရီ ၃၀ မိနစ် ခန့်တွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဆွစ်ဇာလန်သမ္မတ ဂိုင်း ပါမယ်လင်က ယခုဖြစ်ရပ်သည် “မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကြေကွဲဖွယ်ရာများထဲမှ တစ်ခု” ဖြစ်ကြောင်း ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟု အစပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သော်လည်း မီးလောင်ရသည့်အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေ။
သို့သော် အာဏာပိုင်များက ယခုဖြစ်ရပ်သည် တိုက်ခိုက်မှုတစ်ခုထက် မတော်တဆမှုဖြစ်ရန် ပို၍များကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူများ၏ ရုပ်အလောင်းများမှာ ပြင်းထန်စွာ မီးလောင်ကျွမ်းထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် သေဆုံးသူစာရင်းအတိအကျကို ထုတ်ပြန်ရန် အချိန်ယူရမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ဖရက်ဒရစ် ဂစ္စလာက လူပေါင်း ၄၀ ခန့် သေဆုံးဖွယ်ရှိပြီး ၁၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် အများစုမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ပြောကြားသည်။
ဘားအတွင်းရှိနေခဲ့သည့် ပြင်သစ်အမျိုးသမီးငယ်နှစ်ဦးက ပြင်သစ်နိုင်ငံ BFM TV သို့ ပြောကြားရာ၌ “မွေးနေ့ဖယောင်းတိုင်” များပါသည့် ပုလင်းတစ်လုံးကို သစ်သားမျက်နှာကြက်နှင့် နီးကပ်စွာ ကိုင်ထားခဲ့ပြီးနောက် ကလပ်၏ မြေအောက်ထပ်အပိုင်းမှ မီးစတင်လောင်ကျွမ်းခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
