တရုတ်တွင် ကလေးမွေးနှုန်းကို မြှင့်တင်ရန် အစိုးရက ကွန်ဒုံးနှင့် ကိုယ်ဝန်တားဆေးများအပေါ် အခွန်စတင် ကောက်ခံ

Reuters

တရုတ်အစိုးရက နိုင်ငံ၏ ကျဆင်းနေသော မွေးဖွားနှုန်းကို မြှင့်တင်ရန် ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် ကိုယ်ဝန်တားသားဆက်ခြားဆေးဝါးများနှင့် ပစ္စည်းကိရိယာများအပေါ် ဇန်နဝါရီ ၁ရက်မှစ၍ အခွန်တိုးမြှင့်ကောက်ခံကာ ယင်းတို့ကို မပြုစေရန် လုပ်ဆောင်လိုက်သည်။

တရုတ်နိုင်ငံတွင် အဆိုပါ ပစ္စည်းများကို တွင်တွင်ကျယ်ကျယ်သုံးစေရန် နှစ် ၃၀ ကျော် အခွန်ကင်းလွတ်ခွင့်ပေးခဲ့သည်။

ယခုအခါ ကွန်ဒုံးများနှင့် သားဆက်ခြားဆေးများအပေါ် အထွေထွေလူသုံးကုန်ပစ္စည်းများအတွက် သတ်မှတ်ထားသော စံနှုန်းဖြစ်သည့် တန်ဖိုးသင့်အခွန် (VAT) ၁၃ ရာခိုင်နှုန်းကို ကောက်ခံသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လူဦးရေသည် သုံးနှစ်ဆက်တိုက် ကျဆင်းသွားခဲ့ပြီး၊ အဆိုပါ ကျဆင်းမှုနှုန်းမှာ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း “ကလေးမွေးဖွားမှုကို အားပေးသော” အစီအမံများစွာကို ချမှတ်ခဲ့ပြီးနောက်၊ ၂၀၂၅ ခုနှစ်တွင် ကလေးထိန်းကျောင်းစရိတ်များကို တစ်ဦးချင်းဝင်ငွေခွန်မှ ကင်းလွတ်ခွင့်ပေးခြင်းနှင့် နှစ်စဉ် ကလေးထိန်းကျောင်း ထောက်ပံ့ကြေးများကို ဖော်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပ သည်။

ထို့အပြင် ကောလိပ်နှင့် တက္ကသိုလ်များတွင် အိမ်ထောင်ပြုခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကလေးမွေးဖွားခြင်းနှင့် မိသားစုဘဝတို့ကို အကောင်းမြင်သော ရှုထောင့်မှ ပုံဖော်ပေးသည့် “အချစ်ရေးဆိုင်ရာ ပညာပေးမှုများ” ပြုလုပ်ရန် တိုက်တွန်းခြင်းများလည်း လုပ်ဆောင်တော့မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ မွေးဖွားနှုန်းမှာ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ကျင့်သုံးခဲ့သော “တစ်အိမ်ထောင် ကလေးတစ်ယောက်” မူဝါဒနှင့် လျင်မြန်သော မြို့ပြဖြစ်ထွန်းမှုများကြောင့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကျဆင်းလျက်ရှိသည်။

ကလေးထိန်းကျောင်းစရိတ်နှင့် ပညာရေးစရိတ် မြင့်မားခြင်း၊ အလုပ်အကိုင် မရေရာခြင်းနှင့် စီးပွားရေး နှေးကွေးခြင်းတို့သည်လည်း တရုတ်လူငယ် အများအပြားကို အိမ်ထောင်ပြုရန်နှင့် မိသားစုထူထောင်ရန် တွန့်ဆုတ်သွားစေသည့် အကြောင်းရင်းများ ဖြစ်စေခဲ့ပ သည်။