By Sayar Ngaat/MPA
ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို အစားအသောက် အဆင်မပြေမှု တင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၂ဦး ရိုက်နှက်တိုက်ပိတ်ခံရပြီးနောက် တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၄ရက်က ဘားအံ အကျဉ်းထောင်ရှိ ကြိုးကြာဆောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ဦးကို ထောင်အာဏာပိုင်များက ခေါ်ယူရိုက်နှက်ပြီးနောက် ခြေကျင်းခတ်ကာ တိုက်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။
” ဒီ၁၂ဦးကိုမှ ဘာလို့ပစ်မှတ်ထားလဲဆိုတော့ ညွှန်မှူးတို့၊ ထောင်ပိုင်တို့ လာတဲ့အခါမှာ သောက်သုံးရေမသန့်ရှင်းတာတွေ၊ နိုင်ငံရေးအကျဥ်းသားတွေကို အလုပ်ခိုင်းစေတာတွေ အဟာရပြည့်ဝစွာမကျွေးတာတွေ၊ အသားကျွေးတဲ့အခါမှာလည်း လက်တစ်ဆစ် လောက်ပဲ ရှိတဲ့ အသားတုံးလေးတွေကို ကျွေးတာမျိုးတွေမှာ အဆင်မပြေတဲ့အကြောင်းတွေကို တင်ပြတာတွေရှိတယ်။ တင်ပြတဲ့အခါမှာလည်း ဒီ၁၂ဦးက ဦးဆောင်ပြီးတင်ပြတဲ့အတွက် ခေါ်ထုတ်ပြီး တမင်ညှင်းပန်နှိပ်စက်တာ ဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။
ဘားအံထောင်အာဏာပိုင်များမှ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၂ဦးကို ထောင်ဆူပူမှုကြောင့်ဟုဆိုကာ ၃လ တိုက်ပိတ်ခဲ့ပြီး တိုက်ပိတ်သည့်နေရာသို့ ခေါ်ဆောင်ရာလမ်းတလျှောက်၌ ရိုက်နှက်မှုများပြုလုပ်ခဲ့သည့်အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တိုက်ပိတ်ခံထားသည့်နေရာအတွင်းသို့ ထောင်အာဏာပိုင်များက ဝင်ရောက်ရိုက်နှက်ခဲ့မှုများလည်း ရှိခဲ့ကြောင်း မရောင်နီလင်းက ဆက်လက်ရှင်းပြသည်။
ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုများကြောင့် ဇူလိုင်လ ၁၃ရက်တွင် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုဥာဏ်မင်းထွန်း သေဆုံးခဲ့ရပြီး လက်ကျိုးသူတစ်ဦးနှင့် သတိလစ်သွားသည်အထိ ရိုက်နှက်ခံရသူတစ်ဦး ရှိကြောင်းလည်း သိရသည်။
” ကိုဉာဏ်မင်းထွန်းဆိုတဲ့တစ်ယောက်ကတော့ ရိုက်နှက်နှိပ်စက်တဲ့ဒဏ်တွေကြောင့်မို့လို့ အသက်ဆုံးပါးသွားခဲ့ပါတယ်၊ အသက်ဆုံးပါးမသွားခင်မှာ တိုက်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သူ့ရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်တဲ့အတွက် ထောင်ဝန်ထမ်းတွေကို တင်ပြခဲ့တယ်။ ဒါပေမဲ့ ထောင်ဝန်ထမ်းတွေဘက်က တိုက်ပိတ်ထားတဲ့သူကို ဆေးကုသခွင့် မပေးနိုင်ဘူးဆိုပြီး ပြောတယ်၊ ဇူလိုင်လ ၁၃ရက်နေ့မှာ ဆုံးသွားတယ် ” ဟု ဘားအံအကျဉ်းထာင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများသည် ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့နေရပြီ ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသား ကိုဇော်ဝင်းအောင် (ခ) ကိုဂျက်အား တစ်လကျော်ကြာသည်အထိ နေ့စဉ် ခေါ်ယူရိုက်နှက်မှုများကြောင့် မိမိကိုယ်ကို သတ်သေလိုသည်အထိ စိတ်ပိုင်းဆိုင်ရာ ဆိုးရွားလျက်ရှိကြောင်း သိရသည်။
“ကိုဂျက်ကိုတော့ ထောင်ဆူပူမှုကို ဦးဆောင်တဲ့သူဆိုပြီးတော့ ထောင်ဝန်ထမ်းတွေက နေ့စဉ် ခေါ်ယူ ရိုက်နှက်တာပါ၊ ထိခိုက်ဒဏ်ရာတွေလည်း တော်တော်များများရထားတယ်၊ နေ့တိုင်း ခေါ်ထုတ် ရိုက်နေတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ ဆုံးဖြတ်ချက်တွေပါ ချနေတဲ့အထိ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေပါတယ် ” ဟု နိုင်ငံရေးအကျဉ်းသား ကိုဂျက်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထို့ပြင် ဘားအံထောင်မှ တစ်ပွင့် အရာရှိ အောင်ရဲနိုင် (ခ) ရခိုင်သည် ဘားအံထောင်အတွင်း သတင်းများ ပြင်ပသို့ပေါက်ကြားပါက တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား(၁၂) ဦးအား သတ်ပစ်မည်ဟု ဆိုကာ ခြိမ်းခြောက်ထားကြောင်း PPNM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် နေ့စဉ် မနက် ၉ နာရီမှ ၁၀ နာရီအထိ အိပ်ဆောင်နှင့် အုတ်ရိုးအကြား ရေညှိများတိုက်သည့် အလုပ်များကို လုပ်နေကြရပြီး ထောင်ဝန်ထမ်းများအကြောင်းကို ပြောဆိုပါက ခြေကျင်းခတ်၊ တိုက်ပိတ်မည်ဟု ထောင်အာဏာပိုင်များက ခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၄ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၉၂၈) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၃၆၆) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
