ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်က ကိုလံဘီယာနိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ခြေရှိကြောင်း ပြောကြားလိုက်သည်။
သမ္မတ ထရမ့်သည် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ကိုလံဘီယာနိုင်ငံအား “အလွန်အမင်း နာမကျန်းဖြစ်နေသော နိုင်ငံ” ဟု တင်စားပြောဆိုခဲ့ပြီး၊ အမေရိကန် နိုင်ငံအတွင်းသို့ ကိုကင်းမူးယစ်ဆေးဝါးများ တင်သွင်းနေမှုအပေါ် ကိုလံဘီယာခေါင်းဆောင်ပိုင်းတွင် တာဝန်ရှိကြောင်း စွပ်စွဲခဲ့သည်။
ထို့အပြင် ကိုလံဘီယာသမ္မတ ဂတ်စ်တာဗိုပီထရိုကို ရည်ညွှန်းလျက် ၎င်းနိုင်ငံအား မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ကုန်ကူးမှုများတွင် ပါဝင်ပတ်သက်နေသည့် “စိတ်မနှံ့သူတစ်ဦး” က အုပ်ချုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် ကိုလံဘီယာအပေါ် စစ်ရေးအရ အရေးယူရန် စဉ်းစားခြင်း ရှိ၊ မရှိ တိုက်ရိုက်မေးမြန်းမှုကို ထရန့်က “အဲဒါက ကျွန်တော့်အတွက်တော့ ကောင်းတဲ့အကြံဉာဏ်ပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဗင်နီဇွဲလားသည် မူးယစ်ဆေးဝါးနည်းလမ်းဖြင့် အမေရိကန်အပေါ် အကြမ်းတိုက်ခိုက်မှုလုပ်နေကြောင်း ထရန့်၏ စွပ်စွဲချက်ကို ဗင်နီဇွဲလားအစိုးရကမူ ယင်းစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး အမေရိကန်သည် ၎င်းတို့၏ ကြွယ်ဝသော ရေနံသယံဇာတများကို သိမ်းပိုက်ရန်အတွက် မူးယစ်ဆေးဝါး စွဲချက်များကို အကြောင်းပြချက်အဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း တုံ့ပြန်စွပ်စွဲထားသည်။
ဗင်နီဇွဲလားနိုင်ငံ ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာမျိုးသည် ဒေသတွင်းရှိ အခြားနိုင်ငံများထံသို့လည်း ပျံ့နှံ့သွားနိုင်ကြောင်း ထရမ့်က သတိပေးခဲ့သည်။
မာဒူရိုအား ဖမ်းဆီးအပြီးတွင် ဗင်နီဇွဲလားနိုင်ငံအား ယာယီအားဖြင့် “စီမံအုပ်ချုပ်” သွားမည်ဖြစ်ပြီး၊ အခြားသော “ဒုက္ခပေးနေသည့် အိမ်နီးချင်းနိုင်ငံများ” သည်လည်း အလားတူ အရေးယူမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။
ထို့အပြင် ထရန့်က ကိုလံဘီယာ၊ ကျူးဘားနှင့် မက္ကဆီကိုနိုင်ငံတို့ကို အမည်တပ် ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံတွင် အနည်းဆုံး အဓိက ကိုကင်းစက်ရုံကြီး သုံးရုံရှိကြောင်းနှင့် အမေရိကန်သို့ မူးယစ်ဆေးဝါးများ ပေးပို့နေကြောင်း ထရန့်ကစွပ်စွဲခဲ့သည်။
