မလှိုင်တွင် စစ်တပ်နှင့် PDF တို့၏ အပြန်အလှန် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် မြို့ခံများ ကြောက်လန့်နေကြ

ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ - PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ အပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် မြို့ခံပြည်သူလူထုအနေဖြင့် ထိတ်လန့်ကြောက်ရွံ့နေကြရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်တွင် မလှိုင်မြို့ပေါ်ရှိ ရတနာဦးဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကို စစ်ကော်မရှင်တပ်နှင့် ပက်သက်သည်ဟုဆိုကာ တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“PDF တွေက ကျောင်းထဲဝင်ဖမ်းတာ မဟုတ်ဘူး။ ရွာဘက်က အလှူဖိတ်လို့ သွားရင်း လမ်းမှာ PDF တွေနဲ့ တွေ့တော့ အစစ်ခံရတာ။ ဖုန်းထဲမှာ စစ်တပ်နဲ့ ဆက်သွယ်ထားတာတွေ တွေ့လို့ ဖမ်းလိုက်တာ။ ဒီနေ့ထိတော့ ဘာသံမှမကြားရသေးဘူး။ အတူပါသွားတဲ့ ဦးဇင်းတစ်ပါးကတော့ အဲ့ဒီ့ဖမ်းသွားတဲ့နေ့ကတည်းက ပြန်လွတ်တယ်။ သံဃာတွေကလည်း ဘာမှမပြောရဲကြဘူး” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

စစ်ကော်မရှင်တပ်အနေဖြင့် မလှိုင်မြို့ပေါ်တွင် တပ်စွဲရာ၌ ရှစ်မျက်နှာ၊ လေးမျက်နှာဘုန်းကြီးကျောင်းများမှလွဲ၍ ရွှေမုဌောဘုရားဝန်း၊ ရတနာဦးကျောင်း၊ ရွှေမန်းကျောင်း၊ လေသာကျောင်း၊ စျေးကျောင်း၊ မြို့သစ်ကျောင်း၊ ရွှေကျင်ကျောင်း၊ ကုန်းတော်နှင့် ထီးဆောင်းကြီးဘုရားတို့တွင် တပ်စွဲနေထိုင်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် မလှိုင်မြို့နယ်ရှိ NON – CDM ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ သတင်းအစအနပင်မရရှိတော့ကြောင်း မိသားစုဝင်အချို့က ဆိုသည်။

“အရင်လတွေကလည်း ကျောင်းဆရာတချို့အဖမ်းခံရတာတွေရှိတယ်။ သုံးလကျော်သွားပြီဆိုတော့ သတင်းလည်းမရ၊ ဘာအကြောင်းမှလည်း မသိရတော့ သေသွားပြီလို့ဘဲ သက်မှတ်လိုက်ရတာပေါ့။ အနည်းဆုံးတော့ မိသားစုဝင်တွေကို အကြောင်းကြားတာမျိုးတော့ လုပ်သင့်တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် NON – CDM ဝန်ထမ်း မိသားစုဝင်တစ်ဦးက ဆိုသည်။

MPA မှ စုဆောင်းထားသည့် အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာတစ်လအတွင်း၌ တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် မလှိုင်မြို့နယ်မှ အရပ်သားအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ရပြီး NON – CDM ကျောင်းဆရာမနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် မလှိုင်မြို့ပေါ်၌ တပ်စွဲနေထိုင်လျက်ရှိနေသည့် စစ်ကော်မရှင်တပ်ကလည်း ၄င်းတို့ သံသယရှိသည့် လူငယ်၊ လူလတ်ပိုင်းအရွယ်များကိုလည်း အကြောင်းပြချက်မရှိ ဖမ်းဆီး၊ ငွေညှစ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

“မလှိုင်က ရွေးကောက်ပွဲအပိုင်း ၃ ထဲမှာ ပါတယ်။ စစ်တပ်က ပျူစောထီးတွေရော စုပြီး အင်အားများအောင် လုပ်နေတယ်။ ရွေးကောက်ပွဲလုပ်မယ့် ရွာတွေအကုန်လုံးမှာ အင်အားလိုက်ပြနေတာ။ ဒီကြားထဲ ရဲဘက်ကလည်း ဘာမှမဟုတ်တဲ့ အမှုသေးကို သိန်း ၃၀ လောက်ကနေ စပြီး ငွေညှစ်တယ်၊ အမှုကြီးရင် ဖမ်းထားတာ။ မြို့ပေါ်မှာလည်း နေရထိုင်ရတာ ကျဥ်းကြပ်ပါတယ်” ဟု မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည့် မလှိုင်မြို့နယ်မြောက်ခြမ်းတွင်လည်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများနှင့် အရပ်သားသတ်ဖြတ်ခံရမှုများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

စစ်ကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း ၂၊ နှစ်ပတ်ခြားအကြာ(ဇန်နဝါရီ ၂၅ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း ၃ကို ကျင်းပသွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲ အပိုင်း ၃ တွင် မလှိုင်မြို့နယ်ပါဝင်သည်။