စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်ရာစာသင်ကျောင်းအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်၊ည ၈ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်အရှေ့ခြမ်း၊မြေနီလျှိုလမ်းဆုံအရှေ့ဘက်ရှိ စစ်ဘေး ရှောင်များနေထိုင်ရာ ကုန်းကြီးရွာစာသင်ကျောင်းနှင့် ကပ်လျက် ဆီသိုလှောင်ခြံကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီ၆ရက်)သတင်းထုတ်ပြန်သည်။
“ကျနော်တို့ ဖုန်းသတင်းရတာ ကျောင်းနားကျတာ၊ ပေါင်၅၀၀ဗုံးလို့ သိရတယ်။ဒဏ်ရာပြင်း တာလည်း ရှိတယ်။ဒဏ်ရာရ နောက်ဆက်တွဲ မသိရသေး”ဟု ဒေသခံ PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ဗုံးကြဲခံရသည့် စစ်ဘေးရှောင်များမှာ သပိတ်ကျင်းနှင့် စဉ့်ကူးနယ်ဘက်ကဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပြီး ယခုဗုံးကြဲခံရမှုကြောင့် နေရာရွှေ့ပြောင်းကာ လေကြောင်းရန် ရှောင်တိမ်းရပြန်ကြောင်း သိရသည်။
“စစ်တပ်က ကြဲတာတော့ ဆီခြံကိုပဲ။ အနားမှာ စစ်ရှောင်ပြည်သူတွေရှိတော့ သေကြေဒဏ်ရာရတာ။ ပြည်သူတွေ ထိခိုက်ရင် PDFတွေရဲ့ ခေါင်းပေါ် ဝန်ပိတာပဲဆိုတော့ အဲလိုဝန်ပိအောင်လုပ်တဲ့ စစ်တပ် ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောရမှာပေါ့။ပြီးတော့ ပြည်သူ အမြဲတမ်းစိုးရိမ် ထိတ်လန့်နေ တာမျိုးကလည်း စစ်တပ်ရဲ့ ရည်ရွယ်ချက်ပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဒဏ်ရာရ စစ်ဘေးရှောင်များကို ခင်ဦးတော်လှန်ရေးအင်အားစုများက ဆေးကုသပေးနေကြောင်း သိရ သည်။
ခင်ဦးမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်တွင် လမ်းပိတ်သဖြင့် ရပ် နားနေသော ခရီးသွားများနှင့် ကုန်ကား၊ဆီသယ်ကား၊ ဆီဘောက်ဆာကားတို့ကို ဒီဇင်ဘာ၂၇ရက်၊ မွန်းလွဲ ၁၂နာရီ မိနစ်၄၀ခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာတစ်စင်း၊ Mi35 တစ်စင်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ၁၀ဦးကျော်ဒဏ်ရာရပြီး ကား၉စီး မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ၁၈ရက်ကလည်း ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းပေါ်တွင် လမ်းကြောပိတ်ပြီး ကားနှင့်လူ များ အစုအဝေးဖြစ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးကာ ၆ဦး ဒဏ်ရာ ရခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသေးသည်။
