မြို့သစ်တွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ရွေးကော်အရာရှိနှင့် ရဲမှူးအပါအဝင် ၈ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - ပေးပို့
ပုံစာ - သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများ

မကွေးတိုင်း ၊ မြို့သစ်မြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို PDFတို့ တိုက်ခိုက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ရဲမှူးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင် မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး ကန်ပြားလမ်း ပိုင်းပေါ်၌ ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ရေး မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုသို့ နယ်လှည့်စစ်ဆေးရန် နေပြည်တော်မှထွက်လာသည့် စုစုပေါင်း အင်အား ၃၀ ဝန်းကျင်ပါ Double Cab ကား ၄ စီးကို ‌ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး ကား ၃ စီးတိမ်းမှောက်သွားကာ ကျန်တစ်စီးမှာ မြို့သစ်ဘက်သို့ မောင်းပြေးသွားခဲ့ကြောင်း နေပြည်တော် PDF ၊ အမှတ် ၉၀၃ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

“နေပြည်တော်ကနေ ဆင်းလာ‌တဲ့အဖွဲ့တွေပေါ့။ လာမယ့် တနင်္ဂနွေမှာ သူတို့ရွေးကောက်ပွဲ ရှိတယ် လေ၊ မြို့သစ်မှာ။ သူတို့ဆင်းလာတဲ့အဖွဲ့ကို ကျနော်တို့က ကြားဖြတ်တိုက်တာ။ နာရီဝက်ကြာ ပါ တယ်ဗျ။ သူတို့ကားတွေက အရှိန်နဲ့မောင်းလာတာဆိုတော့ ရှေ့ဘီးကိုပစ်လိုက်တော့ ကားတွေက မှောက်ကုန်ပြီးတော့ ဝိုင်းပစ်ပြီးတော့ မသေတဲ့သူတွေက ထွက်ပြေးကုန်တာပ။ ထွက်ပြေးပြီးတော့ ကျနော်တို့ကို ပြန်ပစ်ခတ်တယ်။ လက်နက်ကတော့ အကုန်ကောက်လို့မရပါဘူး။ သူတို့က စစ်ကူ ရောက်လာတာ မြန်လို့လေ”ဟု နေပြည်တော် PDF ၊ အမှတ် ၉၀၃ တပ်ရင်းမှ ‌ဗိုလ်အောင်ဒင်က MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် မြို့နယ်ရဲမှူး ထွန်းလင်းအောင် ၊ဒုရဲအုပ် တစ်ဦး ၊ ရွေးကောက်ပွဲကော်မရှင်အရာရှိ တစ်ဦးနှင့် တပ်ကြပ် ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး G3 သေနတ် ၂ လက် ၊ G3 ကျည် ၁၆၁ တောင့် ၊ ကျည်ဘောက် ၃ ခုနှင့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့သည်။

“သေဆုံးသွားတဲ့အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို မနေ့ကညကတည်းက Ambulance တွေနဲ့ လာသယ်ကြတယ်။ နယ်မြေရှင်းလင်းရေး လုပ်ပြီး လာသယ်တယ်လို့ သိရတယ်။ အဓိကကတော့ နေပြည်တော်နဲ့ မြို့သစ်ဘက်က လာတဲ့ရန်သူအင်အားစုတွေကနေပြီးတော့ ရှင်းလင်းရေး လာလုပ်တဲ့ သဘောရှိတယ်။ အင်နဲ့အား‌နဲ့တော့ လာကြတာဗျ။ အဲ့မှာမှ ကားတွေနဲ့ သယ်ထုတ်သွားကြတာပေါ့။ ဒီနေ့ မြို့သစ်မှာ ဈာပနလုပ်မယ် ကြားတယ်။ ရဲမှူးက ဗန်းမော်ဇာတိ၊ ပြောင်းလာတာ ၂ လပဲရှိသေး တယ်”ဟု နေပြည်တော်တိုင်းစစ်ဌာန ၊ တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက MPA သို့ပြောသည်။

ယင်းယာဉ်တန်းတွင် လုံခြုံရေးအင်အား ၂၀ ကျော်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၀ ဦးခန့်ပါနိုင်ပြီး ရဲအင်အားများကာ စစ်သားများလည်းပါနိုင်ကြောင်း ၎င်းကဆိုသည်။

မြို့သစ်မြို့နယ်တွင် လာမည့်ဇန်နဝါရီ၁၁ရက်၌ တရားမဝင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်သည်။

အထက်ပါ၈ဦး သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။