တောင်သာမြို့ ဝန်ထမ်းအိမ်ရာကို PDF ဝင်မီးရှို့၊ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ၂ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း
ပုံစာ - တောင်သာမြို့၊ ဝန်ထမ်းအိမ်ရာကို မီးရှို့နေစဉ်

မန္တလေးတိုင်း၊ တောင်သာမြို့၊ ဝန်ထမ်းအိမ်ရာကို PDF တို့ဝင်ရောက်မီးရှို့စဉ် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဝင် ၂ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၆ရက်၊ နေ့ခင်း ၁၁နာရီကျော်တွင် တောင်သာမြို့၊ ဝန်ထမ်းအိမ်ရာကို PDF တို့ မီးရှို့ခဲ့ရာ စစ်ယူနီဖောင်းများ၊ ကျည်ကာအင်္ကျီနှင့် လွယ်အိတ်များ မီးလောင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃တပ်ရင်းက သတင်းထုတ်ပြန်သည်။

” သူက အဲ့နေရာမှ ခြေကုပ်ယူတာပေါ့လေ။ အဲ့နေရာကို နေလိုက်၊ မနေလိုက်၊ နေလိုက်၊ မနေလိုက် ပေါ့လေ။ နေတဲ့အချိန်ဆိုလို့ရှိရင်လည်း တိုက်က ဝန်ထမ်းအိမ်ရာဆိုတော့ ၃ထပ်တိုက်ကြီးတွေဆို တော့ သူတို့က အပေါ်စီးကနေပဲ အမြဲတမ်းနေတာ။ ရှိတဲ့အချိန်ကျလည်း အဲ့နေရာက သိမ်းဖို့မလွယ် ဘူးဆိုတဲ့ အနေအထားမျိုးရှိတယ်။ မရှိတဲ့အချိန်မှာ ကျနော်တို့ သေချာသတင်းရတယ်ပေါ့။ သူတို့တပ် ခေါက်သွားတယ်။ သူတို့တပ်ခေါက်သွားတဲ့အချိန် မရှိတဲ့အချိန်မှာ ကျနော်တို့ ဝင်ရှင်းတာ” ဟု မြင်းခြံ ခရိုင်အမှတ် ၃တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ဝန်ထမ်းအိမ်ရာသည် ၃ထပ်တိုက်ဖြစ်သဖြင့် အဆောက်အအုံမီးလောင်ပျက်စီးမှုမရှိသော်လည်း အသုံးအဆောင်ပစ္စည်းများ မီးလောင်ခဲ့ကြောင်း မီးရှို့နေစဉ်မြို့ထဲမှ ကား ၄စီးဖြင့် စစ်သားနှင့် ပျူပူးပေါင်း အင်အား ၆၀ဝန်းကျင်ရောက်ရှိလာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

” ဝန်ထမ်းအိမ်ယာက မြို့ပေါ်နဲ့သိပ်မဝေးဘူး။ရောက်ရောက်လာပြီးချင်း တန်းပြီးတော့ သူတို့ လက်နက်ကြီး ၆၀(၆၀မမ)ပစ်တယ်။ ၄၀(၄၀မမ)ပစ်တယ်။ အဲဒါပစ်ပြီးတော့ ဝင်‌လာ‌တာပေါ့။ ဝန်ထမ်းအိမ်ရာထဲမှာပဲ ကျနော်တို့ ရှင်းလင်းနေတဲ့အချိန်ရောက်လာပြီး အဲ့မှာပဲဖြစ်တာပေါ့။ ကျနော်တို့ ဒီဘက်ကနေ ပြန်ပစ်လိုက်တဲ့ အနေအထားမှာ စကစ ၂ဦးကတော့ လမ်းပေါ်မှာပဲ မှောက်သွားတယ်လို့ မြင်ခဲ့လိုက်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

တောင်သာမြို့ ဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများမရှိသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် စစ်တပ်ဘက်က ကင်းပုန်းဝပ်၊ ခြေကုပ်ယူနေခြင်းဖြစ်ကြောင်းသိရသည်။

” တော်တော်တောင်ကြာပြီဗျ။ သူက ဝန်ထမ်းအိမ်ရာ ၃ထပ်တိုက်ကို ၆လုံးလောက်ရှိမယ်ဗျ။ ဝန်ထမ်းအိမ်ရာဆောက်ထားတာ။ ဝန်ထမ်းတွေ‌မရှိတော့တာကြာလှပြီဗျ။ အရင်တုန်းက ရာဂဏန်းလောက်ရှိမယ်။ စကစပဲ ကင်းပုန်းဝပ်တယ်။ နေရာယူ‌တယ်ပေါ့။ ခြေကုပ်ယူတာပေါ့” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုဝင်များသည် ဝန်ထမ်းအိမ်ရာအတွင်းသို့ ရှင်းလင်းရေးဝင် ရောက်ပြီး မြို့ထဲသို့ ပြန်ဝင်သွားကြောင်းသိရသည်။

စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။