ကျဆုံးရဲဘော်များကို စော်ကားသည့် ကျော်စိုးဦးကို ဖမ်းနိုင်ပါက ဆုကြေးပေးမည်ဟု တော်လှန်ပြည်သူများ ကြေညာ

ဓာတ်ပုံ-လူမှုကွန်ရက်

တော်လှန်ရေးရဲဘော်များ၏ ဂူဗိမာန်များကို ရိုင်းစိုင်းစွာ စော်ကားခဲ့သည့် စစ်ကော်မရှင်လော်ဘီ ကျော်စိုးဦးအား အမိအရ ဖမ်းဆီးနိုင်သူကို ဆုကြေးငွေ ချီးမြှင့်မည်ဟု တော်လှန်ရေးအားပေးသူ ပြည်သူများက စုပေါင်း၍ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကြေညာလိုက်သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သေဆုံးသူများကိုပင် ရန်မူတတ်သည့် စစ်ကော်မရှင်၏ အောက်တန်းကျသော စိတ်ဓာတ်စစ်ဆင်ရေးကို ပြည်သူလူထုက ပူးပေါင်း၍ တန်ပြန်လိုက်ခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကဆိုသည်။

မကြာသေးမီက စစ်ကော်မရှင်လော်ဘီ ကျော်စိုးဦးသည် စဉ့်ကူးနှင့် မတ္တရာဒေသများသို့ စစ်ကြောင်းနှင့်အတူ လိုက်ပါသွားစဉ်၊ တော်လှန်ရေးတွင် အသက်ပေးသွားကြသည့် ရဲဘော်များ၏ အုတ်ဂူများပေါ်သို့ ခြေထောက်တင်ကာ မိုက်ရိုင်းစွာ ပြောဆိုနေသည့် ရုပ်သံနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်၌ ဗြောင်ကျကျ ဖြန့်ဝေခဲ့သည်။

“လူသေကိုတောင် မလေးမစား လုပ်တာဟာ တကယ့်ကို တိရစ္ဆာန်ထက် နိမ့်ကျတဲ့ စိတ်ဓာတ်ပဲ။ ဒါဟာ ကျော်စိုးဦးတစ်ယောက်တည်းရဲ့ လုပ်ရပ်မဟုတ်ဘူး၊ သူ့နောက်ကွယ်က စစ်တပ်တစ်ခုလုံးရဲ့ ကိုယ်ကျင့်တရား ဘယ်လောက် ပျက်စီးနေသလဲဆိုတာ ပြနေတာ” ဟု မန္တလေးမြို့မှ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောကြားသည်။

ယခုကဲ့သို့ မိုက်ရိုင်းစော်ကားမှုကို လက်မခံနိုင်သည့် ပြည်သူများက ၎င်းအား တရားစီရင်နိုင်ရန်အတွက် ဆုငွေများကို အပြိုင်အဆိုင် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း သိန်းတစ်ထောင်အထိ ရှိလာခဲ့သည်။

ယင်းဆုငွေများတွင် Ko Tay Zar မှ ကျပ်သိန်း ၃၀၀နှင့် မနှင်းဆီ မှ ကျပ်သိန်း ၂၀၀ တို့ပေးအပ်မည်ဖြစ်ကြောင်းကို ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာများ၌ အသီးသီးဖော်ပြထားကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ စစ်ကော်မရှင်သည် စစ်မြေပြင်တွင် အကြီးအကျယ် ရှုံးနိမ့်နေရသဖြင့် ယခုကဲ့သို့ အုတ်ဂူများကို စော်ကားခြင်း၊ ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်းဖြင့် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို စိတ်ဓာတ်ပျက်ပြားအောင် (Psychological Warfare) ကြိုးပမ်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်သားဆိုတာ ရန်သူဖြစ်ပေမဲ့ သေဆုံးသွားရင် အပြန်အလှန် လေးစားရတယ်ဆိုတဲ့ စစ်သားကောင်းကျင့်ဝတ် ရှိတယ်။ အခု ကျော်စိုးဦးတို့ လုပ်ပြနေတာက စစ်ကော်မရှင်ဟာ တပ်မတော်မဟုတ်တော့ဘဲ လူမိုက်ဂိုဏ်း အဆင့်ကို ရောက်သွားပြီဆိုတာကို ကမ္ဘာသိအောင် ကြေညာလိုက်တာပဲ။ ပြည်သူတွေက သိန်းတစ်ထောင်အထိ ဆုငွေထုတ်တာဟာ ငါတို့ သူရဲကောင်းတွေကို လာမစော်ကားနဲ့ ဆိုတဲ့ ပြင်းထန်တဲ့ သတိပေးချက်ပဲ” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

ယခုကဲ့သို့ ကျော်စိုးဦးကို ဖမ်းဆီးရမိသူများအတွက် ဆုကြေးငွေထုတ်လိုက်သည့်အတွက် လူထုအကြား စိတ်ဝင်စားမှုမြင့်တက်လာပြီး တော်လှန်ရေးအင်အားစုများကလည်း တရားမျှတသည့် တုံ့ပြန်မှုများပြုလုပ်သွားမည်ဟု ကတိပြုထားသည်။

ဤကဲ့သို့ အောက်တန်းကျသော လုပ်ရပ်များကို မှတ်တမ်းတင်ထားကြရန်နှင့် တော်လှန်ရေးသူရဲကောင်းများ၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရန် ပြည်သူများက တောင်းဆိုလျက်ရှိသည်။