ဇီးကုန်း၊ပျူစခန်းကို PDF ဝင်သိမ်း၊ စစ်အုပ်စုဝင် ၄ ဦးသေဆုံးပြီး ထွက်ပြေးကြဟုဆို

ဓာတ်ပုံ - သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၁
ပုံစာ - တိုက်ပွဲဝင်ရဲဘော်များ ( ပုံဟောင်း )

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာပျူစောထီးစခန်းကို PDF တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဝင် ၄ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ရက်၊ နံနက် ၅နာရီခန့်က ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာတွင် အင်အား ၃၀ ခန့်ဖြင့် အထိုင်ချထားသည့် ပျူစခန်းကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြီးသတ်သိမ်းပိုက်နိုင် ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” အရင်ဆုံး မနက် ၅နာရီထိုးတော့ ဝေဟင်ကနေ ဒရုန်းနဲ့စကြဲတယ်။ သူတို့ ကစဉ့်ကလျားဖြစ် နေတုန်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ပစ်ခတ်ပြီးမကြာဘူး သူတို့ဘက် ကလည်း ပြန်ပစ်တယ်။ စခန်းကို မနက် ၆နာရီမှာ ကျတော်တို့သိမ်းနိုင်တယ်။တိုက်ပွဲဖြစ်တဲ့နေရာကို ဘော်ဘင်ရွာက စစ်‌ကူပို့လာတာရှိတော့ ၆နာရီခွဲမှာ ပြန်ဆုတ်လာတယ်။ စခန်းထဲကို ကျတော်တို့ မီးတော့တို့ခဲ့တာရှိပေမဲ့ အားလုံးပျက်စီးလောင်ကျွမ်းခြင်းရှိ၊မရှိတော့ အတည်မပြုနိုင်ခဲ့ဘူး” ဟု သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၁ မှ တပ်ခွဲမှူး ရဲဘော်ကရင်လေးက MPA ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ယင်းစခန်းနှင့် ၂မိုင်ခန့်အကွာက ဘော်ဘင်ရွာသို့ စစ်အုပ်စုဝင်တို့ ထွက်ပြေးသွားကြကြောင်း သိရသည်။

” ဘော်ဘင်ရွာဆိုတာက လုံးဝ စစ်တပ်အတွက် ဒေါက်တိုင်တစ်ခုအ‌နေနဲ့သာမက ဇီးကုန်းမြို့နယ် အနေနဲ့ပါ ပျူစောထီး အင်အား တောင့်တင်းခိုင်မာတဲ့ ရွာ ဖြစ်တယ်။ အင်အား ၇၀ လောက် ထိုင်ထားတယ် ” ဟု ၎င်းက ဆက်လက်သည်။

ဇန်နဝါရီ ၇ရက် ညပိုင်းတွင် မီးကောက်ပင်ရွာကို စစ်တပ်က အင်အား ၁၅၀ ခန့်ဖြင့် ပြန်လည်အထိုင် ချခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲကို သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၁ မှ ဦးဆောင်ပြီး တပ်ခွဲ ၅၊ သာယာဝတီခရိုင်တပ်ရင်း ၂ BTZM GBK တပ်ဖွဲ့၊ သာယာဝတီခရိုင်ပကဖ၊ သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့၊ ဇီးကုန်းမြို့နယ် ပကဖတို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စုဝင်များ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။