ကမ္ဘာတစ်ဝန်းရှိပြည်သူများက အမေရိကန်ထက် တရုတ်နိုင်ငံကို ပိုသဘောကျကြကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အောက်တွင် မြန်မာပြည်သူတို့က ဟားတိုက်ရှုတ်ချကြသည်။
အမေရိကန်နှင့် တရုတ် မည်သည့်နိုင်ငံက ပိုကောင်းသလဲဆိုသည့် မေးခွန်းကို Global Times က ၂၀၂၅ခုနှစ်အတွင်း နိုင်ငံတကာပြည်သူများထံ စစ်တမ်းကောက်ယူခဲ့ရာ တရုတ်နိုင်ငံအား ပိုကောင်း သည်ဟုယူဆသူ တစ်ဆခွဲပိုများကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဇန်နဝါရီ၇ရက်တွင် ထုတ်ပြန်ထားသည်။
“ကျနော်သိခဲ့ဖူးတာကတော့ တရုတ်နိုင်ငံသားတွေထဲမှာတောင် အမေရိကန်ဘွဲ့ရမှ လူရာဝင်တယ်။ လစာ ကောင်းတယ်။အမေရိကန် brand တွေပဲ တရုတ်မှာ လူကြိုက်များတယ်။ဟွာဝေးဖုန်းဆိုတာကို တရုတ် လူလတ်တန်စားတွေတောင် မသုံးကြဘူး။တရုတ်ထုတ်ကား တရုတ်တွေ မစီးချင်ကြဘူး။ဒါပေမဲ့၊တစ်ခု တော့ရှိတယ်။တရုတ်အစိုးရက ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ငါ သိပ်ချောနေတယ်လို့ ထင်တဲ့အစားထဲက”ဟု တရုတ်နိုင်ငံတွင် ပညာတော်သင်သွားရောက်ခဲ့ဖူးသူတစ်ဦးက MPAသို့ ပြောသည်။
တရုတ်နိုင်ငံကို ပိုကောင်းသည်ဟုဆိုသည့် နိုင်ငံတကာပြည်သူ ၃၉ရာခိုင်နှုန်း၊ အမေရိကန်ကို ကောင်း သည်ဟုဆိုသူ ၂၆ရာခိုင်နှုန်းနှင့် ၂နိုင်ငံစလုံး အတူတူဟု ထင်မြင်သူ ၂၅ရာခိုင်နှုန်းရှိကြောင်း Global Times စစ်တမ်းကဆိုသည်ဟု တရုတ်သံရုံးက ဖော်ပြသည်။
“Global Times က ဘယ်သူတွေကို သွားမေးထားသလဲတော့ မပြောတတ်ဘူး။သေချာတာက တရုတ်အ စိုးရကထုတ်ပြန်တဲ့စာရင်းဇယားတွေ၊စစ်တမ်းတွေကို တရုတ်ပြည်သူတွေတောင် မယုံဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်သံရုံးက ထုတ်ပြန်သော ယင်းပို့စ်အောက်တွင် မြန်မာပြည်သူ ၆၀၀ကျော်က လှောင်ပြောင်ရှုတ်ချ သည့် ကွန်မန့်များ ပေးခဲ့ကြသည်။
