မြိုင်နယ်တစ်ကြောကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေ

ဓာတ်ပုံ - ပေးပို့
ပုံစာ - ယနေ့ မန်ကျည်းကန်ရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံများ။

မကွေးတိုင်း၊ မြိုင်နယ်တစ်ကြောကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်းသိရသည်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလအစမှ ယနေ့ (ဇန်နဝါရီ ၈ရက်)အထိ ပေါက်နှင့်မြိုင်အစပ်ရှိ ရေနံတွင်း များအပါအဝင် မြိုင်နယ်အတွင်းက ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတို့ဖြင့် နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။

” ကျနော်တို့ ထင်တာကတော့ ရေနံမှော် ဆီချက်‌တဲ့ ဖိုတွေတို့၊ လှောင်ကန်တွေတို့ဘာတို့ ပျက်စီးစေချင်လို့ကြဲတယ်လို့ ယူဆတာပဲ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယနေ့ နံနက် ၅နာရီ ၅၉မိနစ်ခန့်တွင်လည်း မန်ကျည်းကန်ရွာနှင့် ညောင်ကုန်းရွာကြားကို ဂျက်ဖိုက်တာဖြင့် ဗုံးသီးနှစ်လုံးကြဲချပြီးနောက် နေ့ခင်းပိုင်း၌ မန်ကျည်းကန်ရွာမြောက်ပိုင်းကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲခဲ့ရာ နေအိမ် ၃လုံးပျက်စီးခဲ့ကြောင်းသိရသည်။

” လူထိခိုက်မှုမရှိဘူးလို့ ပြောတယ်။ အိမ်၃လုံးတော့ ပျောက်သွားတယ်ပြောတယ်။ အကြောင်းတွေကတော့ အမျိုးမျိုးနေမှာပေါ့ကွာ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ဂျိုင်ရိုကော်ပတာက ခုထိအောင် တော်လျှောက်တွယ်နေတာပဲ။ ခုလို ဖိုက်တာနဲ့ ကြိုကြားကြိုကြား လာချတာတော့ရှိတယ်ကွ” ဟု မြိုင်ပကဖပြည်သူ့ရေးရာတာဝန်ခံကပြောသည်။

ဇန်နဝါရီ ၆ရက်နံနက်ပိုင်းကလည်း မြိုင်မြို့နယ်၊ ဝယ်တောင်မြောက်ရွာကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ ၃စင်းဖြင့် ဗုံးကြတိုက်ခိုက်ခဲ့ရာ ကျေးလက်ဆေးပေးခန်းပျက်စီးခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၆ရက် ညနေပိုင်းတွင် မြိုင်မြို့နယ်၊ ကြက်မောက်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၆နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီး ၆ဦးပြင်းထန်ဒဏ်ရာရရှိကာ နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။