ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ နေထိုင်သည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ခိုးမှုဖြင့် စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် မြို့သစ် (က/ခ) ရပ်ကွက်၊ က (၃) လမ်း၌ နေထိုင်သည့် စိတ်ဝေဒနာရှင် မောင်မျိုးမင်းစိုး(ခ)ဂေါက်သီး ကို မြို့သစ် (က၊ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းလှိုင် ဦးဆောင်သော ပျူစောထီးနှင့် လူမိုက်အဖွဲ့က ပစ္စည်းခိုးယူသည်ဟု စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ရိုက်နှက်ခဲ့မှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် စိတ်ဝေဒနာရှင် မောင်မျိုးမင်းစိုးမှာ အခင်းဖြစ်ပွားသည့်နေ့တွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူး သန်းလှိုင်နှင့် အဖွဲ့သည် သတင်းပေါက်ကြားမှုမဖြစ်ပေါ်စေရန် ရပ်ကွက်အတွင်းရှိ ပြည်သူများကို ခြိမ်းခြောက်ထားကြောင်း ဖြစ်စဉ်ကို သိရှိထားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
” အဲ့ဒီကိစ္စက အမတို့ ရပ်ကွက်နားတင်ဆိုတော့ တစ်ကယ်ဖြစ်ခဲ့တာပါ။ အဲ့ဒီကောင်လေးကိုလည်း သိတယ်။ ရပ်ကွက်ကမခံမရပ်နိုင်လို့ ပြောလာကြတာ။ ရပ်ကွက်က အသံမထွက်ရဲအောင်လည်းအသံထွက်တဲ့ အကောင်၊ ကောင်မ ပါးရိုက်ခံရမယ်လို့ ခြိမ်းခြောက်ထားတယ် ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ မောင်မျိုးမင်းစိုးကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် စက်တင်ဘာ (၅) ရက်နေ့တွင်ပင် ချက်ချင်း သင်္ဂြိုဟ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး သန်းလှိုင်နှင့်အဖွဲ့က ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ရန်အတွက် မိသားစုဝင်များအား နာရေးဖိတ်စာတွင် သေဆုံးရက်ကို စက်တင်ဘာ (၇) ရက်နေ့ဟု လိမ်လည်ရိုက်နှိပ်ခိုင်းခဲ့ကြောင်း သိရသည်။
ရပ်ကွက်နေပြည်သူများက မောင်မျိုးမင်းစိုးသည် စျေးထဲတွင် လှည့်လည်သွားလာနေတတ်သည့် စိတ်ဝေဒနာရှင်တစ်ဦးသာဖြစ်ပြီး သူတပါးပစ္စည်း ခိုးယူတတ်သူမဟုတ်ကြောင်း ပြောဆိုသည်။
” လက်ရှိလည်း က၊ခ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းလှိုင် က ရပ်ကွက်နေ ပြည်သူတွေကို အနိုင်ကျင့် လူပါးဝတာမျိုး လုပ်နေတုန်းပဲ ” ဟု ရပ်ကွက်နေ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
ရန်ကုန်တိုင်းအတွင်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့များ၏ လက်ချက်ကြောင့် အရပ်သားပြည်သူများ သေဆုံးရသည့် ဖြစ်စဉ်များစွာ ရှိခဲ့ကြောင်း Rangoon Scout Network-RSN ၏ ပြောကြားချက်အရ သိရသည်။
အထူးသဖြင့် ဧည့်စာရင်းစစ်ဆေးခြင်း၊ စစ်မှုထမ်းရန် လူစုဆောင်းခြင်းနှင့် ခိုးမှု၊ မူးယစ်ဆေးဝါး စွပ်စွဲချက်များဖြင့် ဖမ်းဆီးနှိပ်စက်ရာမှ သေဆုံးမှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက အများဆုံး လုပ်ဆောင်လျက်ရှိသည်။
ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ Rangoon Scout Network-RSN ၏ တာဝန်ရှိသူတစ်ဦးကို MPA က မေးမြန်းရာ ” အလားတူ ဖြစ်စဉ်တွေတော့ ရှိခဲ့တယ်ဗျ။ အုပ်ကြီးရုံးမှာ ရိုက်နှက်ရင်း လက်လွန်ပြီး သေတာကို သတင်းဖုံးတာတွေ။ ဒေတာ အဆင်သင့်တော့ မရှိဘူး ညီမ၊ တချက်ပြန်မွှေကြည့်ရမယ်ဗျ။ ” ဟု ဆိုသည်။
အင်းစိန်မြို့နယ်သည် ရန်ကုန်မြို့၏ လူနေထူထပ်သော မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကော်မရှင်လက်အောက်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးအဖွဲ့များမှာ အာဏာအလွဲသုံးစားလုပ်ကာ ပြည်သူများအပေါ် ဥပဒေမဲ့ ပြုကျင့်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်တွင်လည်း သန်လျင်မြို့နယ်၊ ဘော့သပြေကန်ကျေးရွာ၌ ရာအိမ်မှူး ချစ်စန်း၏ သားဖြစ်သူနှင့် အပေါင်းအပါများက တစ်နယ်တစ်ကျေးမှ လာရောက်သော အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး ပြုကျင့်ခံရသူ မိန်းကလေးငယ်ကို ငွေကျပ် ၃ သောင်းဖြင့် ရွာပြန်ပို့လိုက်ကြောင်း သိရှိရသည်။
