စစ်ဘက်ဆိုင်ရာ တင်ဒါစာချုပ်အတွက် လာဘ်ပေးလာဘ်ယူမှုဖြင့် မလေးရှားစစ်တပ်အကြီးအကဲဟောင်းအား ဖမ်းဆီးထိန်းသိမ်းထား

ဓာတ်ပုံ - Brenama
ပုံစာ - မလေးရှားစစ်တပ်အကြီးဟောင်းနှင့် ဇနီး ၂ ဦးတို့ကို ဇန်နဝါရီ ၇ ရက်က ဖမ်းဆီးခေါ်ဆောင်လာစဉ်

စစ်ဘက်ဆိုင်ရာ ပစ္စည်းဝယ်ယူရေး စာချုပ်များနှင့် ပတ်သက်သည့် လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရာတွင် မလေးရှားစစ်တပ်အကြီးအကဲဟောင်းတစ်ဦးအပါအဝင် စုစုပေါင်း ၅ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်များက ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (MACC) က ၎င်းတို့အနေဖြင့် အဆိုပါ စစ်တပ်အကြီးအကဲဟောင်းနှင့် ၎င်း၏ ဇနီးနှစ်ဦးအား စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ရန်အတွက် ချုပ်မိန့်ရယူရန် တရားရုံးသို့ လျှောက်ထားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဖမ်းဆီးခံရသူများ၏ အမည်ကို ဖော်ပြထားခြင်း မရှိသော်လည်း ၎င်းတို့အား MACC ရုံးချုပ်တွင် ထွက်ဆိုချက်များ ဦးစွာရယူခဲ့ကြောင်း ဖော်ပြထားသည်။

အခြားသူ ၂ ဦးကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် ဖမ်းဆီးထားပြီးဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မလေးရှားစစ်တပ်အကြီးအကဲဟောင်း မူဟာမက် ဟာဖီဇူဒင်း ဂျန်တန် သည် အဆိုပါ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ MACC ရုံးချုပ်၌ ထွက်ဆိုချက် ပေးခဲ့သည်ဟု ယူဆရကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီက လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်သည်ဟု ယူဆရသည့် ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းပြီးနောက် သံသယရှိသူတစ်ဦးနှင့် ၎င်း၏ မိသားစုဝင်များပိုင်ဆိုင်သော ဘဏ်စာရင်း ၆ ခုကို ပိတ်သိမ်းခဲ့သည်။

ထို့နောက် မူဟာမက် ဟာဖီဇူဒင်း ဂျန်တန် အား စုံစမ်းစစ်ဆေးမှု မပြီးမချင်း ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ တာဝန်မှ ခေတ္တရပ်နားစေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်၍ ငွေသား ရင်းဂစ် ၂.၄ သန်း (အမေရိကန်ဒေါ်လာ ၅၉၁,၇၁၆ ခန့်) ကို သိမ်းဆည်းရမိခဲ့ကြောင်း Bernama သတင်းဌာနက ဇန်နဝါရီ ၇ ရက်က ဖော်ပြခဲ့သည်။

ယင်းအမှုနှင့် ဆက်စပ်နေသူ တစ်ဦးက အဆိုပါငွေများကို အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းစဉ် ဖမ်းဆီးရမိကာ ငွေများကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း MACC အကြီးအကဲ အာဇမ်ဘာကီက Bernama သတင်းဌာနသို့ ပြောကြားခဲ့သည်။