မန္တလေးမြို့တွင် ငလျင် နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်မှုဖြစ်ပွား၊ မြေအော်သံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရ

ဓာတ်ပုံ - MPA

ယနေ့( ဇန်နဝါရီ ၈ရက်) ၊ ည ၉ နာရီ ၃၃ မိနစ်ခန့်တွင် မန္တလေးမြို့နှင့် အနီးတစ်၀ိုက်တါင် စက္ကန့်ပိုင်းအတွင်း ငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ပထမအကြိမ်လှုပ်ခတ်ခဲ့သည့် ငလျင်သည် မြေအော်သံပါ ပါရှိခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ပထမတစ်ချက်က ငြိမ့်ခနဲဖြစ်သွားပြီး နောက်မှာ မြေအောက်ကနေ ဝုန်းဝုန်းနဲ့ အသံကြီး ထွက်လာတာပါ။ အဲဒီနောက်မှာ ဒုတိယတစ်ချက်က တော်တော်လေး ပြင်းပြင်းထန်ထန်ကို ဆောင့်ပြီး ခါသွားတာပါ” ဟု ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များအတွင်းရှိ ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများ တုန်ခါသွားခဲ့ပြီး၊ အထပ်မြင့်တိုက်တာများနှင့် လူနေအိမ်များတွင် ရှိနေသူများသည် ဘေးကင်းရာ လမ်းမပေါ်သို့ အလန့်တကြား ထွက်ပြေးခဲ့ကြရသည်။

“အိမ်ပေါ်ကနေ ဆင်းတောင်ပြေးရတယ်။ မနှစ်က ငလျင်လှုပ်ခတ်ခဲ့တုန်းက ထရော်မာတွေပါ ပြန်ထလာတယ်။ ပထမအကြိမ်က အသံပါတယ် ခါခါယမ်းယမ်းကြီး၊ မိနစ်ခြားပြီး ထပ်လှုပ်သေးတာ” ဟု နောက်ထပ် မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

ယခုလှုပ်ခတ်ခဲ့သည့် ငလျင်သည် အင်အားရစ်ချ်တာစကေး ၄ဒဿမ၅ အဆင့်သာရှိသော်လည်း လှုပ်ခတ်သည့် ငလျင် ဇောက်သည် မြေအောက်အနက် ၆မိုင်ခန့်တွင်သာရှိပြီး ဇောက်တိမ်မှုကြောင့် ငလျင်ဒဏ်ကို မန္တလေးမြို့ခံများ သိသိသာသာ ခံစားခဲ့ရခြင်းလည်းဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကို မန္တလေးအပြင် ပြည်ဦးလွင် ၊ စစ်ကိုင်း အစရှိသည့်မြို့များတွင်လည်း သိသိသာသာ ခံစားခဲ့ရသည်။

ထို့အပြင် နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်သည်ဟု ခံစားရခြင်းမှာ ငလျင်လှိုင်းများ၏ သဘောသဘာဝအရ P-wave (မူလလှိုင်း) နှင့် S-wave (ဒုတိယလှိုင်း) တို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာခြင်းကြောင့် ဖြစ်နိုင်သလို၊ ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းကြသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အန္တရာယ်အရှိဆုံး ငလျင်ကြောတစ်ခုဖြစ်သည့် စစ်ကိုင်းငလျင်ကြော (Sagaing Fault) ပေါ်တွင် တည်ရှိသည့်မြို့တစ်မြို့လည်းဖြစ်သည်။

မြေငလျင်လှုပ်ခတ်ရာတွင် မြေအော်သံကြားရခြင်းမှာ မြေအောက်ကျောက်ဖျာများ ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော အသံလှိုင်းများသည် တုန်ခါမှုလှိုင်းများထက် မြေပြင်ပေါ်သို့ အရင်ရောက်ရှိလာသဖြင့် လူများက အသံကို အရင်ကြားရခြင်း ဖြစ်သည်။

ယမန်နှစ် မတ် ၂၈ရက်က မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ဒသမ၇ရှိ အင်အားကြီးငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် ရှမ်းပြည်နယ်တို့တွင် နေအိမ်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူထောင်ပေါင်းများစွာလည်း သေဆုံးခဲ့ရသည်။

အဆိုပါငလျင်လှုပ်ခတ်ပြီးသော်လည်း နောက်ဆက်တွဲငလျင်ငယ်များသည် ယနေ့အထိ လှုပ်ခတ်နေခြင်းကြောင့် ပြည်သူများစွာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေရသည်။