တနင်္သာရီမြို့နယ်တွင် ခမရ ၅၆၁ မှထွက်လာသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်တို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေကာ ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၇ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၆၁မှ အင်အား ၇၀ ခန့်ဖြင့် ၆မိုင်ကျေးရွာသို့ ထိုးလာသည့် စစ်ကြောင်းနှင့် ၆မိုင်ကျေးရွာအနီး၌ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းစစ်ကြောင်းသည် ထုံတွန်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားသည်။
“နယ်မြေရှင်းမဟုတ်ပါဘူး။ ၆မိုင်မှာ ကျနော်တို့တပ်တွေရှိလို့ပါ။ ရန်သူ သေဆုံး၊ ဒဏ်ရာရတွေ ကိုတော့ အဲဒီစစ်ကြောင်းကပဲ တစ်ခါတည်း သူတို့ပြန်သယ်သွားပါတယ်။ပုခက်နဲ့သယ်သွားတာ မြင်ရပါတယ်။ ပြီးတော့ ထုံတွန်ရွာဘက် ဆုတ်သွားတာပါ။ အဲဒါ ၅၆၁ ဘက်ပါပဲ။ လက်နက်မရပါဘူး”ဟု မြိတ်ခရိုင် တပ်ရင်း ၂ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း ခမရ ၅၆၁ မှ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ကင်းထောက်ခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီ ၈ ရက်)တွင်မူ ၆မိုင်ရွာအနီးသို့ ထပ်မံစစ်ကြောင်းထိုးခြင်းမရှိကြောင်း ၎င်းက မွန်းလွဲ ၄ နာရီ မိနစ် ၄၀ ခန့်၌ ဆိုသည်။
ယင်းတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂ ၊ ၃ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
ခြောက်မိုင်ရွာသည် တနင်္သာရီမြို့နှင့် ၅ မိုင်ခန့်သာ ဝေးသည်။
စစ်သားများ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
