ပန်းတောင်းရှိ ကပစ စက်ရုံများ မကျစေရေး မင်းအောင်လှိုင် ကိုယ်တိုင် မြေပြင်ကွင်းဆင်း

ဓာတ်ပုံ-MOI

စစ်အာဏာသိမ်းပြီးနောက် စစ်ရေးနှင့် နိုင်ငံရေးတွင် အဘက်ဘက်မှ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင် ဥက္ကဌ မင်းအောင်လှိုင်သည် ယမန်နေ့( ဇန်နဝါရီ ၈ရက်)က ပဲခူးတိုင်းအနောက်ခြမ်းရှိ ပန်းတောင်းမြို့သို့ ကိုယ်တိုင် မြေပြင်ဆင်းခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုကဲ့သို့ မြေပြင်ဆင်းမှုသည် ရခိုင်ပြည်နယ်မှ ထိုးဖောက်ဝင်ရောက်လာသည့် အာရက္ခတပ်တော်(AA)၏ စစ်ရေး ခြိမ်းခြောက်မှုနှင့် အရေးပါသည့် လက်နက်စက်ရုံများကို ကာကွယ်ရန်အတွက် ဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာ၀တီတိုင်းတို့ကို ချိတ်ဆက်ပေးထားသည့် “တိုင်းလေးတိုင်းဆုံရာ” အချက်အခြာ မြို့တစ်မြို့လည်းဖြစ်သည်။

“AAက ပဲခူးတိုင်း အနောက်ခြမ်းကို ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေတယ်။ တကယ်လို့ ပန်းတောင်ကို AA ထိန်းချုပ်လိုက်နိုင်ရင် စစ်ကော်မရှင်ရဲ့ အနောက်ဘက်စစ်မျက်နှာ လမ်းကြောင်းအားလုံး ပြတ်တောက်သွားမှာ စစ်တပ်အတွက် ထောက်ပံ့ရေးလမ်းကြောင်း လုံး၀ပိတ်ဆို့သွားနိုင်တယ်။ အဲ့ဒါကြောင့် မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းလာတာဖြစ်မယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။

ပန်းတောင်မြို့နယ်တွင် စစ်ကော်မရှင်၏ အဓိက အသက်သွေးကြောဖြစ်သည့် ကပစ-၃(ဆင်တဲ)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၆(ညောင်ခြေထောက်)၊ကပ စ-၉(ကျောက်ဖူး)နှင့် ကပစ-၁၆(မသုန်)တို့တည်ရှိပြီး အဆိုပါ လက်နက်စက်ရုံများ လက်လွှတ်ရမည်ကို မင်းအောင်လှိုင်အနေဖြင့် အထူးစိုးရိမ်နေပြီး စက်ရုံများကို AA သိမ်းပိုက်နိုင်ပါက စစ်တပ်အတွက် လက်နက်ထုတ်လုပ်မှုစွမ်းအား တစ်ခုလုံးရပ်တန့်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

“ပန်းတောင်းမြို့တစ်မြို့ထဲမှာတင် ကပစ စက်ရုံ ၅ရုံရှိတယ်လေ။ AA ကလဲထိုးစစ်ဆင်နေတော့ ဒီစက်ရုံတွေ အနှေးနဲ့ အမြန်ပါနိုင်တယ်ဆိုပြီး မင်းအောင်လှိုင် တွက်ဆပုံရတယ်။ အဲ့ဒါကြောင့် သူကိုယ်တိုင် မြေပြင်ထိဆင်းလာပြီး ခံစစ်တွေနဲ့ တန်ပြန်တိုက်စစ်တွေလုပ်ဖို့ စစ်သားတွေကို ညွှန်ကြားတာတွေရှိလောက်တယ်။ အဲ့ဒီတော့ ပန်းတောင်းမှာ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မင်းအောင်လှိုင်သည် ပန်းတောင်းမြို့ ခရီးစဉ်အတွင်း ဒေသတွင်း ဆန်၊ ဆီ၊ ဝါ ဖူလုံရေးနှင့် MSME လုပ်ငန်းများအကြောင်းကို ပြောခဲ့သည့်အပြင် အတုအယောင်ရွေးကောက်ပွဲပြုလုပ်မည့် ကိစ္စများကိုလည်း ပြောကြားခဲ့သည်။

“မင်းအောင်လှိုင်က ပန်းတောင်းဒေသ ဖွံ့ဖြိုးရေးကိုလုပ်နေတယ်ပေါ့၊ မြို့မှာ အုပ်ချုပ်ရေး ယန္တရားမပြိုလဲသေးဘူးဆိုတာက ပြခြင်လို့ ဒေသခံတွေနဲ့ပါတွေ့ဆုံခဲ့သေးတယ်။ နိုင်ငံရေးလှည့်ကွက်တွေပါ” ဟု နိုင်ငံရေးလေ့လာသူက ဆိုသည်။

ယခုကဲ့သို့ မင်းအောင်လှိုင်ကိုယ်တိုင် ပန်းတောင်းမြို့သို့ ဆင်းလာခြင်းသည် စစ်ရေးအရ ခြိမ်းခြောက်ခံနေရသည့် လက်အောက်ခံ တပ်ဖွဲ့ဝင်များကို စိတ်ဓာတ်မကျစေရန် လုပ်ဆောင်သည့် ပြကွက်တစ်ခုသာဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာသူများကဆိုသည်။

“မင်းအောင်လှိုင်ရဲ့ ပန်းတောင်းခရီးစဉ်က စိုက်ပျိုးရေးနဲ့ ဖွံ့ဖြိုးရေးဆိုပြီး အကြောင်းပြထားတာ၊ လက်တွေ့က AA ရဲ့ထိုးစစ်ကို ဟန့်တားဖို့နဲ့ လက်နက်စက်ရုံရဲ့ တည်ရှိရာ ဗျူဟာမြောက်လမ်းဆုံး မဆုံးရှုံးစေဖို့အတွက် ကြိုးစားတဲ့ ခရီးစဉ်တစ်ခုပဲ” ဟု ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

ယမန်နှစ်၊ မတ် ၁၃ရက်က ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ညောင်ခြေထောက်ကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) သံရည်ကျိုစက်ရုံ အပါအဝင် အနီးအနား ကပစ စက်ရုံများတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ခဲ့သေးသည်။