မွန်ပြည်နယ်တွင် အကျဉ်းသားများကို လက်နက်တပ်ဆင်၍ မဲရုံလုံခြုံရေးနှင့် လှည့်ကင်းများတွင် စစ်ကော်မရှင် အသုံးပြုနေ

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးစဉ်

စစ်တပ်ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲ၌ မွန်ဒေသအတွင်း အကျဉ်းသားများကို ခေါ်ထုတ်ပြီး မဲရုံးများနှင့် လုံခြုံရေးနေရာများတွင် အသုံးပြုမှုများ ရှိနေကြောင်း ဖြစ်စဉ်ကို သိရှိထားသည့်သူများက ပြောသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် အတုအယောင်ရွေးကောက်ပွဲအပိုင်း(၁)တွင် လုံခြုံရေးကိစ္စများ၌ အသုံးပြုနိုင်ရန်အတွက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသားများကို ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ခေါ်ထုတ်လာသည့် အကျဉ်းသားများကို လက်နက်တပ်ဆင်ပေးပြီး မဲရုံလုံခြုံရေး၊ ညဘက်လှည့်ကင်းထွက်ခြင်း၊ တော်လှန်ရေး ဆက်စပ်နယ်မြေနေရာများနှင့် ဂိတ်များတွင် လုံခြုံရေးယူခိုင်းနေကြောင်း ဖြစ်စဉ်ကို သိရှိထားသည့် ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ကမ်းနားကျေးရွာနေပြည်သူတစ်ဦးက MPAသို့ ပြောသည်။

“စစ်သားတွေက ရွာဘက် ဝင်လာတာ ခဏခဏတွေ့ရတော့ အခေါ်အပြောရှိတော့ သူတို့နဲ့ ရင်းနှီးပြီး စကားပြော ဖြစ်ရာကနေ သူတို့ ကိုယ်တိုင်ပြောပြလို့ သိရတာပါ၊ အရင်က သူတို့က ထောင်ချနေတဲ့သူတွေတဲ့ အိမ်ပြန် ချင်တယ်၊ မိသားစုရှိတယ်ပြောကြတာ၊ မပြန်ရဲကြဘူး၊ စစ်သားတွေ စောင့်ကြည့်နေလို့တဲ့” ဟု ၎င်းက ပြောသည်။

အဆိုပါအကျဉ်းသားများသည် စစ်ကော်မရှင်လက်အောက်ခံရဲများနှင့်အတူ လုံခြုံရေးတာဝန်ယူနေရပြီး ၎င်းတို့ကို စစ်တပ်က တိုက်ရိုက်ညွှန်ကြားစောင့်ကြည့်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

ဖြစ်စဉ်သိရှိသူအချို့ပြောဆိုချက်အရ ယင်းအကျဉ်းသားများသည် ကရင်ပြည်နယ်နှင့် ဆက်စပ်နယ်မြေဖြစ်သည့် ကျိုက်မရောမြို့နယ် ကျေးရွာများဘက်တွင် အဓိက တာဝန်ယူနေရပြီး အကျဉ်းသားမည်မျှပါဝင်သည်ကို မသိရကြောင်း ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်ရေးအားကောင်းလာသည့် အစောပိုင်းပိုင်းအချိန်ကတည်းက ခိုးဆိုး လုယက်မှုများဖြင့် အကျဉ်းချခံထားရသည့် အကျဉ်းသားအချို့ကို အပေးအယူလုပ်ကာ လုံခြုံရေးတာဝန် များနှင့် စစ်ရေးကဏ္ဍများတွင် အသုံးချမှုများ ရှိခဲ့ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သတင်းကြားတာတော့ ကြာပြီးဗျ၊ ကျတော်တို့လည်း အတည်မပြုနိုင်ခဲ့ဘူး၊ ဒီနောက်ပိုင်း သတင်းထွက်လာမှ သာ တကယ်ဖြစ်နေတာကြားရတာ၊ အရင်တုန်းကတောင် ထောင်ထဲ အချုပ်ထဲကလူတွေ ခေါ်ထုတ်ပြီး တာဝန်ပေးတာမျိုး ရှိနေတာပဲလေ၊ သူတို့လက်ထဲမှာ ကြိုက်သလို လုပ်လို့ရတာပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါအကျဉ်းသားများကို ပြစ်ဒဏ်လျှော့ပေါ့ပေးပြီး စစ်တပ်က ၂ နှစ်မှ ၅ နှစ်အကြားတာဝန်ထမ်းဆောင်ရမည့် ကတိကဝတ်များဖြင့် အပေးအယူလုပ်ထားကြသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း MPA အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ကျတော်တို့ကြားတာက မလွတ်ပေးခင်ကတည်းက အကျဉ်းသားတွေကို အရင်မေးပြီးမှ သူတို့ဆီမှာ တာဝန်ထမ်းဆောင်ရင် သူတို့ လွတ်အောင် လုပ်ပေးမယ်၊ တကယ်တမ်းဘယ်လိုမျိုး အပေးအယူလုပ်ခဲ့တာတော့ မသိဘူးပေါ့” ဟု နောက်ထပ်မွန်ပြည်နယ် အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကျဉ်းသားများကို စစ်တပ်နှင့်အတူ လုံခြုံရေးကဏ္ဍများတွင် အသုံးပြုနေကြကြောင်း သိရှိထားသူအချို့က ပြောဆိုကြသော်လည်း မည်ကဲ့သို့ အပေးအယူနှင့် အသုံးချနေသည်ကို MPA အနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM တာဝန်ရှိသူ ဦးသိုက်ထွန်းဦးက ယခုဖြစ်စဉ်ကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

ယင်းဖြစ်စဉ်ကဲ့သို့ အကျဉ်းသားများကို စစ်ရေးဆိုင်ရာလုံခြုံရေးကဏ္ဍများအတွက် အသုံးပြုခြင်းသည် ဥပဒေ၌ ပြဌာန်းခြင်း မရှိသလို လူ့အခွင့်အရေးစံချိန်စံနှုန်းများကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အကျဉ်းသားတစ်ယောက်ကို အကျဉ်းထောင်ထဲမှာဘဲ သူတို့ရဲ့ ပြစ်မှုပြစ်ဒဏ်အရ အကျဉ်းချရမှာဖြစ်တယ်။ စစ်ရေး အရအသုံးပြုတာမျိုး ဘယ်ဥပဒေမှာမှ မပြဌာန်းထားဘူး။ ဘယ်လိုအခြေအနေမျိုးမှာဆို မသုံးသင့်ဘူးပေါ့နော်၊ ဆန္ဒအရ တပ်ထဲဝင်တာကို ဘာမှ မပြောလိုပေမယ့် အခုလိုမျိုး အကျဉ်းသားတွေကို စစ်တပ်အလိုကျ ဆောင်ရွက်ခိုင်းတာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်တာ၊ ဂျန်နီဗာကွန်ဗန်းရှင်းပြဌာန်းထားတဲ့ အချက်ကို ချိုးဖောက်နေတာ” ဟု ဦးသိုက်ထွန်းဦးက ပြောသည်။

ယခုကဲ့သို့ အကျဉ်းသားများကို စစ်တပ်နှင့်အတူ လုံခြုံရေးကဏ္ဍများတွင် အသုံးပြုနေခြင်းကို ထပ်မံအတည်ပြုနိုင်ရန် စစ်ကော်မရှင်မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။