တရားမဝင်ရွေးကောက်ပွဲက တစ်ပိုင်းပြီးရုံရှိသေး လုံချည်ဂွင်းသိုင်း ဓားလွတ်ကိုင်ရမ်းနေတဲ့ စစ်အုပ်စု တို့ ထုံးစံမပျက် ကြိုတင်မဲပြဿနာက စတက်တော့တယ်။
အရင် စစ်အစိုးရ စီစဉ်တဲ့ ၂၀၁၀ရွေးကောက်ပွဲတုန်းကလည်း စစ်အုပ်စုလက်ခွဲ ကြံ့ဖွံ့ပါတီ က ဒီ လောက်အစစအရာရာ အသာစီးရခဲ့တာတောင် နိုင်ငံရေးမတော်လောဘ သိပ်ကြီးလေတော့ စောင့်စည်း အပ်တဲ့ နိုင်ငံရေးဂုဏ်သိက္ခာတွေဘာတွေမရှိ။ ပြောင်ပြောင်တင်းတင်းပဲ ကြိုတင်မဲနဲ့ အရှက်မဲ့ အနိုင်ပိုင်းခဲ့ဖူး။
ရွေးကောက်ပွဲည မဲရုံမှာ မဲရေတော့ အနိုင်၊နောက်တစ်ရက်လည်း ရောက်ရော ဘယ်က ရောက်လာ မှန်းမသိတဲ့ ကြိုတင်မဲကြောင့် ရှုံးသွားတဲ့ ကြံ့ဖွံ့ပြိုင်ဘက် အမတ်လောင်းတွေ မနည်း။မှတ်မိသေးတယ်။အခု မင်းအောင်လှိုင် ထားရာနေ စေရာသွားဘဝနဲ့ နေပြည်တော်မှာ မှောင်ရိပ်ခိုနေရရှာတဲ့ သိန်းညွန့်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်တဲ့ညက ဘယ်လိုမှ စိတ်မချနိုင်လို့ သင်္ဃန်းကျွန်းမြို့နယ်ကော်မရှင်ရုံးမှာ မဲပုံးစောင့် အိပ်ခဲ့ ရတယ်။ အဲဒီအချိန်တုန်းက သိန်းညွန့်ဆိုတာလည်း လက်သီးလက်မောင်းတန်း ဒေါင်ဒေါင်မြည်နေတုန်း။ပြီး တော့ စိတ်လွတ်ကိုယ်လွတ် ပြောချင်ရာပြောလို့မရပေမဲ့ ချိန်ချိန်ဆဆ ပြောခွင့်လည်း ရနေတာကြောင့် ကြံ့ဖွံ့ နဲ့ကြိုတင်မဲကိစ္စ မီဒီယာပလက်ဖောင်းတွေပေါ် ဗွက်ထလို့။
စစ်အုပ်စုတို့ ထုံးစံအတိုင်း ဘယ်သူတွေ မှန်တာဘာပြောပြော အရေထူချင်ယောင်ဆောင်ကာ ရွေး ကောက်ပွဲမလုပ်ခင်ကတည်းက သန်းရွှေဖွဲ့ထားတဲ့ ကြံ့ဖွံ့အစိုးရ၊ ရိုးရိုးကြီးသိန်းစိန်ကို သမ္မတတင်၊ ရာသက်ပန် စစ်အုပ်စုအာဏာတည်မြဲရေးလမ်းကို ဆက်လျှောက်။ ၂၀၁၅ရွေးကောက်ပွဲရောက်တော့ ပြည်သူ လက်ချက်နဲ့ ဦးဆက်ပွင့်ကာ NLD အစိုးရထံ အာဏာထိုးအပ်ခဲ့ရတယ်။ထား။
အခုလည်း အာဏာသိမ်းစစ်တပ် တရားမဝင်ပြုလုပ်တဲ့ ၂၀၂၅အတုအယောင်ရွေးကောက်ပွဲက နိုင်ငံအနှံ့ စစ်မီးတောက်လောင်နေချိန်၊ ရွေးကောက်ပွဲလုပ်တဲ့နေ့မှာလည်း ပြည်သူကို ဗုံးကြဲသတ်ဖြတ်ခြင်းက မပျက်မကွက်။ ရွေး ကောက်ပွဲလုပ်တဲ့ ၂၀၂၅ဒီဇင်ဘာ၂၈ရက်အထိ အာဏာသိမ်းစစ်တပ်သတ်လို့ ဒီမိုကရေစီ ရေးလှုပ်ရှားသူနဲ့ပြည်သူ စုစုပေါင်း ၇၆၀၀ကျော် ကျဆုံးခဲ့ခြင်းက မင်းအောင်လှိုင်ရဲ့ကျွမ်းကျင်ရာလိမ္မာရာ ပြောင်မြောက်တဲ့ လက်ရာပေါ့ ။
ပြီးတော့ ရွေးကောက်ပွဲကို မတို့ရ၊မထိရ၊မဝေဖန်ရ၊မီးပွင့်သွားမယ်ဆိုတဲ့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေက ဇန်နဝါရီ၆ရက်အထိစာရင်းအရ ပြည်သူ၃၃၅ဦးကိုရွေးကောက်ပွဲထိပါးမှုနဲ့ ဖမ်းဆီးခဲ့ရုံတင်မက ၂၀၂၁ အရေးတော်ပုံဆိုတဲ့စကား သုံးနှုန်းမဲဆွယ်ခဲ့လို့ဆိုပြီး ပြည်သူ့ပါတီရဲ့ အမတ်လောင်းကိုတောင် ထောင်ဒဏ် တစ်နှစ် ချခဲ့တဲ့အထိ ပါးစပ်ကို သေနတ်နဲ့ထောက်ကာ လက်ထိပ်လည်း ခတ်ထားလိုက်သေး။
၂၀၂၅ တရားမဝင်ရွေးကောက်ပွဲဆိုတာလည်း စစ်အုပ်စုက ၂၅ရာခိုင်နှုန်း အချောင်နှိုက်ထားရုံတင်မ က စစ်အုပ်စုလက်ခွဲ ကြံ့ဖွံ့ပါတီက အစစအရာရာ အသာစီး။ နောင်ဘဝမှာပြိုင်လည်း ကြံ့ဖွံ့ ခွက်ခွက်လန်ရှုံး ဦးမှာ သေချာနေတဲ့ NLDပါတီ မပါတဲ့ ရွေးကောက်ပွဲမို့ ကြံ့ဖွံ့တို့ အမောက်ထောင် မာန်ကြွရဲပေမဲ့ ကြံ့ဖွံ့တို့ ထုံး စံမပျက် အုပ်ချုပ်မှုအာဏာ ပံ့ပိုးမှုယူကာ မဲဆွယ်စည်းရုံးကြတာလည်း ဟိုးဟိုးကိုကျော်လို့။
အထူးသဖြင့် မွန်ဝန်ကြီးချုပ်လည်း အောင်ကြည်သိန်း၊မွန်ပြည်နယ်ကြံ့ဖွံ့ဥက္ကဌကလည်း အောင်ကြည် သိန်းဖြစ်နေပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကအစ ကြံ့ဖွံ့ပါတီဝင်တွေသာ ရွေးချယ်ခန့်ထားတဲ့ မွန်ပြည်နယ် က ကြံ့ဖွံ့အမတ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ အုပ်ကြီးတွေရဲ့ အုပ်ချုပ်မှုအာဏာပံ့ပိုးမှုတွေနဲ့ လုပ် ဆောင်ခဲ့ကြောင်း သတင်းတွေက ဖော်ပြကြပေမဲ့ မြို့နယ်နဲ့ ရပ်ကျေးရွေးကော်တွေကလည်း ကြံ့ဖွံ့တွေချည်းမို့ အေးဆေးပဲ။
ပြီးတော့ ကြိုတင်မဲပြဿနာ။၂၀၂၀ရွေးကောက်ပွဲတုန်းက ကြိုတင်မဲကောက်ခံရာမှာ မဲဆန္ဒနယ်အ လိုက် ရွေးကောက်ပွဲဝင်တဲ့ ပါတီအသီးသီးက အမတ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်၊ ဘုရားပွဲလှည့်သလိုမျိုးနဲ့ အားလုံးရဲ့ ပါဝင်မှုရှေ့မှာ ကြို တင်မဲဆိုတာကို ပွင့်လင်းမြင်သာစွာ ကောက်ခံခဲ့ကြတယ်။
အခု စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကျတော့ ကြိုတင်မဲ ကောက်ဖို့ရာ ကြံ့ဖွံ့ကလွဲလို့ တ ခြားပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခြင်းမရှိသလို ဘယ်အချိန်က ကြိုတင်မဲ ကောက် လိုက်သလဲဆိုတာတောင် မသိ။ ကြိုတင်မဲထည့်သူ အရေအတွက်ကိုလည်း မသိ။အဲဒီလို မသိခြင်းတွေကို ရွေး ကောက်ပွဲအပိုင်း၁အပြီး စစ်ဆေးကြတော့ နေရာများစွာမှာ ကြံ့ဖွံ့နဲ့ ရွေးကောက်ပွဲကော်မရှင်တို့သာ တိုးတိုး တိတ်တိတ် ကြိုတင်မဲ သွားကောက်ကြောင်း တွေ့ရတယ်။
မွန်ပြည်နယ်မှာကျတော့ ကြိုတင်မဲကို သက်ဆိုင်ရာရပ်ကျေးကော်မရှင်ရုံးတွေမှာ သွားပေးရတယ်။ ရပ်ကျေးကော်မရှင်တွေကလည်း ကြံ့ဖွံ့၊ရပ်ကျေးအုပ်ချုပ်ရေးကလည်း ရာနှုန်းပြည့်ကြံ့ဖွံ့။ပြီးတော့ ဝန်ကြီး ချုပ်ဆိုတာလည်း ကြံ့ဖွံ့မို့ ကြံ့ဖွံ့ဆိုရင် ပြည်သူတွေက ကြောက်နေရတဲ့အချိန်မှာ ကြံ့ဖွံ့တွေရှေ့ ကြိုတင်မဲ ထည့်ရတာဆိုတော့ စဉ်းစားသာ ကြည့်ကြတော့။
ပြီးတော့ ကြိုတင်မဲပုံးရဲ့ လုံခြုံရေးကြိုးက သတ်မှတ်ထား တဲ့ကြိုးမဟုတ်သလို ကြိုတင်မဲလက်မှတ်ရဲ့ နောက်ကျောမှာ ရပ်ကျေးကော်မရှင်ဥက္ကဌရဲ့ လက်မှတ်လည်း မ ပါ၊ကြိုတင်မဲကို အမှန်ခြစ်ရာမှာလည်း တစ်ဦးတည်းက ရေးခြစ်တယ်လို့ ယူဆရကြောင်း ပါတီတာဝန်ရှိသူတချို့က ပြောတယ်လို့ ဘီဘီစီက ဖော်ပြ တယ်။
ရွေးကောက်ပွဲအပိုင်း၁ ပြုလုပ်ခဲ့တဲ့ မြို့နယ်၈၁မြို့နယ်က ပြည်သူ့လွှတ်တော်အမတ်လောင်းတွေရဲ့ မဲရလဒ်တွေကို Data for Myanmar က စစ် တမ်းထုတ်ရာမှာ ကြံ့ဖွံ့ပြည်သူ့လွှတ်တော်အမတ်လောင်း ၈၁ဦး ရရှိခဲ့တဲ့ ကြိုတင်မဲစုစုပေါင်းက ၃သိန်း၄သောင်းကျော် ရှိပြီး အဲဒီ၈၁မြို့နယ်အတွင်း တခြားပါတီတွေနဲ့ တစ်သီး ပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်း ၃၆၂ဦးရရှိတဲ့ ကြိုတင်မဲစုစုပေါင်းက ၉သောင်း၄ထောင်ကျော်သာရှိ ကြောင်း တွေ့ရပြန်တယ်။
ပြီးတော့ ထူးခြားချက်အနေနဲ့ ကျောက်ဖြူမြို့နယ်မှာ ကြံ့ဖွံ့အမတ်လောင်းရရှိတဲ့ ခိုင်လုံမဲအနက် ကြိုတင်မဲ ၄၇ရာခိုင်နှုန်းရှိပြီး သံတောင်ကြီးမြို့နယ်မှာ ကြိုတင်မဲ ၈၃ရာခိုင်နှုန်း၊ဘောလခဲမြို့နယ်မှာ ကြို တင်မဲ ၇၉ရာခိုင်နှုန်းနဲ့ ဟားခါးမြို့နယ်မှာ ကြိုတင်မဲ၅၂ရာခိုင်နှုန်းရရှိခဲ့ကြောင်းလည်း Data for Myanmar က ထုတ်ပြန်တယ်။
ချောင်းဆုံ ပြည်နယ်လွှတ်တော်(မဲအများဆုံးရသူအနိုင်သူ)မဲဆန္ဒနယ်ကနေ ဝင်ပြိုင်တဲ့ ကြံ့ဖွံ့အမတ် လောင်း အောင်ကြည်သိန်းဆိုရင်လည်း (လက်ရှိ မင်း အောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်)မဲရုံးမဲမှာ မွန် ညီညွတ်ရေးပါတီအမတ်လောင်းကို ရှုံးပေမဲ့ ကြိုတင်မဲအသာရတာကြောင့် မဲ၅၀၀ကျော်အကွာနဲ့ အနိုင်ရသွား ခဲ့တယ်။အောင်ကြည်သိန်းရခဲ့တဲ့ ကြိုတင်မဲဆိုတာ ရွေးကော်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေသာ ကောက်ခံခဲ့ ပြီး သူတို့၂ဖွဲ့စလုံးက ကြံ့ဖွံ့ပါတီဝင်တွေချည်းပဲလို့ သတင်းတွေက ဖော်ပြတယ်။
အဲဒီလို ပွင့်လင်းမြင်သာမှုမရှိတဲ့ သံသယဖြစ်ဖွယ် ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းနှင့်တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့ပါတီ တို့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ စာပို့ အကြောင်းကြားခဲ့ကြပေမဲ့ အဖက်လုပ် ဖြေရှင်း ချက်ပေးပုံ မရပါဘူး။
ရွေးကောက်ပွဲကော်မရှင်ကလည်း ကြိုတင်မဲကောက်ယူရာမှာ ဥပဒေနဲ့ အညီပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်လို့ ဇန်နဝါရီ၂ရက်မှာ မျက်နှာကြောပြောင်ပြောင်နဲ့ပဲ တုံ့ပြန်တယ်။
ဇန်နဝါရီ၆ရက်၊ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံချိန်မှာ မရိုးသားတဲ့ အဲဒီကြိုတင်မဲကိစ္စ ပါတီတွေက အဓိကထား တင်ပြကြရာမှာ ရွေးကော်တာဝန်ရှိသူက ကောလာဟလတွေမပြောဖို့ ပြန်ငေါက်ငမ်း ပါတယ်။ပြီးတော့ ကော်မရှင်ဘက်က ချို့ယွင်းတာတွေကို လာမယ့်အပိုင်း၂နဲ့ အပိုင်း၃ ရွေးကောက်ပွဲတွေမှာ ပြင်ဆင်ပေးမယ်လို့ ဆိုတာကြောင့် အပိုင်း၁တုန်းက ကြိုတင်မဲနဲ့ ကလိမ်ကျခဲ့တာတွေကို ဘာမှ လုပ်မပေးနိုင် ဘူးလို့ အပြတ်ဖြတ်ချလိုက်တဲ့သဘောပါပဲ။
ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ။ တရားမဝင်ရွေးကောက်ပွဲဝင် ပါတီ တွေကိုယ်တိုင်က စစ်အာဏာရှင်စနစ် အုတ်မြစ်ခိုင်ခိုင် စိုက်ထူနိုင်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့်ပြုပါလို့ မျက်နှာအောက်ချ နိုင်ငံရေးဂုဏ်သိက္ခာကင်းမဲ့ခဲ့ပြီးသားမဟုတ်လား။ ဒီလောက် အပြတ်ပြော ထားတာကိုတောင် အလိုက်ကန်းဆိုးမသိဘဲ ကြိုတင်မဲကိစ္စ ဆက်ဖွင့်ချနေဦးမယ်ဆိုရင်တော့ သွားစရာလမ်း က ထောင်ထဲပဲ ရှိတယ်မဟုတ်လား။ဒီလို ရွေးကောက်ပွဲမျိုးဝင်ရင် အခုလိုအဖြစ်မျိုးတွေ ကြုံရမယ်ဆိုတာ ပါတီတွေအနေနဲ့ ကြိုတင်တွေး ထားသင့်တယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ကြံ့ဖွံ့က အစစအရာရာ အသာစီးအနေအထားနဲ့ ကျိန်းသေပေါက်အစိုးရဖွဲ့နိုင်မှာ သေ ချာနေတာတောင် ကြိုတင်မဲနဲ့ သိက္ခာမဲ့ ကလိမ်ကျရခြင်းအကြောင်းက ဘာပါလိမ့်လို့ ပါတီတွေအနေနဲ့ ထပ် စဉ်းစားသင့်တယ်။ အဖြေက တစ်ခုတည်း သိပ်ရိုးရှင်းလွန်းတယ်။ ဒီမိုကရေစီအနံ့ထည့်ထားတဲ့ စစ်အာ ဏာရှင်စနစ်ဆီ သွားရာခရီးမှာ တခြားဘယ်ပါတီကိုမှ ငါးပြား၊ဆယ်ပြားအာဏာကိုတောင် ခွဲမပေးလိုတဲ့ စစ် အုပ်စုရဲ့ စိတ်စေတနာကြီးမှုကြောင့်ပါပဲ။
ဒါကို နောက်တစ်မျိုး ဘာသာပြန်ရရင် အခုပါတီတွေကို ရွေးကောက်ပွဲဝင်ခိုင်းတာဟာ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ညီအောင် အိမ်ဖြည့်ပါဝင်ခိုင်းခြင်းပါပဲ။
