အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှ အမျိုးသားတစ်ဦးသည် နှစ်ပေါင်း ၂၀ ခန့် ထိုးခဲ့သည့် မွေးဂဏန်းမှ ဒီဇင်ဘာလအတွင်းက ဒေါ်လာ ၃၂.၉၁ သန်း တန်ဖိုးရှိသည့် စံချိန်တင် Lotto 47 အမျိုးအစား ထီကို ကံထူးသွားခဲ့သည်။
အသက် ၇၃ နှစ်အရွယ် အဆိုပါအမျိုးသားက အဆိုပါ ထီကို စတင်ထိုးကတည်းက 02-03-12-15-16-33 မွေး ဂဏန်းများကိုသာ ထိုးခဲ့ကြောင်း မီချီဂန်ပြည်နယ်ထီလုပ်ငန်း တာဝန်ရှိသူများကို ပြောကြားခဲ့သည်။
“ကျွန်တော် ဒီ Lotto 47 ကို ထိုးလာတာ အနှစ် ၂၀ ရှိပါပြီ၊ အမြဲတမ်းလည်း ဒီဂဏန်းအတွဲတွေကိုပဲ မွေးထိုးခဲ့တာ ” ဟု အဆိုပါအမျိုးသားက ဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ထီဖွင့်ပွဲအတွက် အဆိုပါဂဏန်းများဖြင့် ထီလက်မှတ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းမှာ Lotto 47 သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ထီပေါက်စဉ် ဖြစ်လာခဲ့သည်။
“ကျွန်တော့်ရဲ့ ထီလက်မှတ်ကို စစ်ကြည့်တဲ့အခါ ဂဏန်း ၃ လုံး တိုက်ဆိုင်နေတာကို ချက်ချင်းတွေ့လိုက်ရတော့ ‘အနည်းဆုံးတော့ ၅ ဒေါ်လာ ပြန်ရပြီ’ လို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ ကျန်တဲ့ဂဏန်းတွေပါ ထပ်တူကျနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်တာနဲ့ မျက်စိကိုပွတ်ပြီး ထပ်ခါတလဲလဲ ပြန်စစ်ကြည့်ခဲ့ရတယ်” ဟု ၎င်းက ပြောပြခဲ့သည်။
မိသားစုဝင်များကလည်း ထိုကံထူးမှုကို မယုံကြည်နိုင်ဘဲ ဖြစ်ခဲ့ကြသည်။
“ကျွန်တော့်ရဲ့ သားသမီးတွေကို ဖုန်းဆက်ပြောတော့ သူတို့က မယုံကြဘူး၊ ဒါနဲ့ ကိုယ်တိုင်လာပြီး ထီလက်မှတ်ကို ကြည့်ခဲ့ကြရတယ်။ ကျွန်တော်တို့အားလုံး အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ အခုလို ဆုကြီးမျိုး ပေါက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့တာမို့ အခုထိတော့ အိပ်မက်လိုလို ဖြစ်နေတုန်းပါပဲ” ဟု ကံထူးရှင်က ဆိုသည်။
နှစ်ရှည်လများ ထီထိုးလာခဲ့သည့် အဆိုပါအမျိုးသားက ၎င်းရရှိသည့် ဆုငွေများအတွက် အစီအစဉ်များ ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်ရဲ့ အစီအစဉ်ထဲမှာ ပထမဆုံးလုပ်မှာကတော့ ဖိနပ်အသစ်တစ်ရံ ဝယ်စီးဖို့ပါပဲ။ ပြီးတော့ ဒီဆုငွေအချို့ကို မိသားစုဝင်တွေနဲ့ ခွဲဝေသုံးစွဲပြီး ကားအသစ်တစ်စီးလည်း ဝယ်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
