ညောင်လေးပင် စစ်တပ်စခန်းများကို PDF ဝင်သိမ်း မီးရှို့၊ စစ်သားများ ကစဉ့်ကလျား ထွက်ပြေး

ဓာတ်ပုံ - တောကျီးကန်းတပ်ရင်း
ပုံစာ - ဇန်နဝါရီ ၉ ရက်တွင် တိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်ဂိတ်စခန်းနှင့် တိုက်ပွဲဝင် တောကျီးကန်းတပ်ရင်း ရဲဘော်များ

ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ တပ်စခန်းများကို PDF တို့ ဝင်ရောက်တိုက်ခိုက် မီး ရှို့ ဖျက်ဆီးခဲ့ရာ စစ်သားများ ထွက်ပြေးသွားကြကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်၊ နံနက်အစောပိုင်းတွင် အင်အား၃၀ခန့်ရှိ ထိန်တပင်ရွာ ဂိတ်၊ အင်အား၃၀ကျော်ရှိ ကလိမ်ခင်ရွာ စစ်တပ်ဂိတ်စခန်းနှင့် မီးရထားလမ်းပေါ်ရှိ ရဲကင်းစခန်းတို့ကို ‌မြေပြင်စစ်ကြောင်း သာမက ဝေဟင်မှ ဒရုန်းနှင့်ပါ တိုက်ခိုက်ခဲ့ရာ ယနေ့(ဇန်နဝါရီ ၁၀ ရက်) ညပိုင်းအထိ စစ်တပ်က ပြန်လည် အထိုင်မချနိုင်သေးကြောင်း တောကျီးကန်း တပ်ရင်းက သတင်းထုတ်ပြန်သည်။

“ကျ‌နော်တို့ ကလိမ်ခင်ဂိတ်ကိုတော့ ဒရုန်းနဲ့အရင် တိုက်ခိုက်ပြီး ထိန်တပင်ဂိတ်ကိုတော့ မြေပြင်ကပဲ ဝင်ရောက်ချေမှုန်းတာဖြစ်ပါတယ်။ ကျနော်တို့အချိန် နာရီဝက်အတွင်း အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပါ တယ်။ ခုခံပစ်တာမျိုးမရှိပါဘူး။ လက်နက်မရလိုက်ပါဘူး။ ဂိတ်ကတော့ သူတို့ပြန်ထိုင်မှာပါပဲ။ ကျ နော်တို့က ဂိတ်စခန်းတွေ အကုန် မီးရှို့ဖျက်ဆီးခဲ့တာဆိုတော့ သူတို့ချက်ချင်း ပြန်ထိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးပါဘူး”ဟု တောကျီးကန်းတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

တိုက်ခိုက်နေစဉ်အတွင်း စစ်သားများ ကစဥ့်ကလျား ထွက်ပြေးသွားကြပြီးနောက် ခမရ ၂၀ မှ လက်နက်ကြီး ပစ်ခတ်မှုများရှိသော်လည်း စစ်ကြောင်း ထပ်မံထိုးလာခြင်း မရှိကြောင်း သိရသည်။

“သူတို့ဘက်က ၄ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်စိုးရိမ်ရပြီး စိုးရိမ်ရတဲ့အထဲ စစ်ဗိုလ်အဆင့်တစ် ဦးပါတယ်လို့ သတင်းရထားပါတယ်။ ထုံးစံအတိုင်း လက်နက်ကြီးကတော့ ပစ်နေတာတွေရှိပါတယ်။ လေယာဉ်တော့ မသုံးသေးပါဘူး။ သူတို့ တောကျွဲအင်းဘက်ကို ပိုမဲနေတာ”ဟု ၎င်းက ဆက်လက် ပြောသည်။

ယင်းတိုက်ခိုက်မှုများပြီးနောက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၆တပ်ရင်းများဖြစ်သည့် တောကျီးကန်းတပ်ရင်း ၊ Fire Dragon တပ်ရင်းနှင့် တော်ဝင်ဒေါင်းတပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ထိန်တပင်နှင့် ကလိမ်ခင်ရွာသည် တစ်မိုင်ကျော်သာဝေးသည်။

စစ်သားများ ထိခိုက်မှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။